မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကို ပယ်ဖျက်ပေးဖို့ KNU တောင်းဆို

မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဟာ NCA စာချုပ်ကို ချိုးဖောက်နေပြီး ပြဿနာနဲ့ ပဋိပက္ခတွေကို ပိုမိုဖြစ်ပွားစေနိုင်တာကြောင့် ပယ်ဖျက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို မြေယာကော်မတီက တောင်းဆိုလိုက်ပါတယ်။

ကရင်ပြည်နယ်က မြေနေရာတစ်ခုကို တွေ့ရစဉ် Photo: Kyaw Lwin Oo/ RFA

မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဟာ NCA စာချုပ်ကို ချိုးဖောက်နေပြီး ပြဿနာနဲ့ ပဋိပက္ခတွေကို ပိုမိုဖြစ်ပွားစေနိုင်တာကြောင့် ပယ်ဖျက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို မြေယာကော်မတီက တောင်းဆိုလိုက်ပါတယ်။

လက်ရှိအစိုးရက အတည်ပြုလိုက်တဲ့ဥပဒေဟာ အရင်အစိုးရတွေမှာ မြေယာနဲ့ပတ်သက်လို့ အသုံးပြုတဲ့ တင်းကြပ်တဲ့ ဗဟိုချုပ်ကိုင်မှုစနစ် ဖြစ်နေပြီး ဌာနေတိုင်းရင်းသားတွေရဲ့အခွင့်အရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အလေးထားမှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီဥပဒေဟာ ယုံကြည်မှုတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း ထိခိုက်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက်ပိုင်း အရပ်ဖက်အဖွဲ့အစည်း ၃၀၀ ကျော်က ကန့်ကွက်နေကြတာဖြစ်ပါတယ်။ အဲဒီဥပဒေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ တိုင်းရင်းသားတွေအတွက် မြေယာမဲ့ဖြစ်နိုင်တဲ့ ဥပဒေဖြစ်တယ်ဆိုပြီး အရပ်ဖက်အဖွဲ့တွေ၊ ရှမ်းနဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေက ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကနေ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်တာ ပြန်လည်ပယ်ဖျက်ပေးဖို့  ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်ကနေ တောင်းဆိုလိုက်ပါတယ်။

ဒီဥပဒေဟာ KNU မြေယာမူဝါဒလည်း မကိုက်ညီသလို ငြိမ်းချမ်းရေးကိုလည်း ထိခိုက်နိုင်တာကြောင့် ပယ်ဖျက်ပေးဖို့ တောင်းဆိုထားတယ်လို့  KNU မှ ပဒိုစောနေသဘလေးက ပြောပါတယ်။

"တိုင်းရင်းသားဒေသခံတွေအတွက် နစ်နာတဲ့ ဥပဒေတစ်ရပ် ဖြစ်ပါတယ်၊ တစ်ခုခုလုပ်မယ်ဆိုရင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ရလဒ်နဲ့အညီ ဖြစ်ရမယ်ဆိုတော့ လွှတ်တော်က ကျနော်တို့ NCA မှာ သဘောတူထားတဲ့ အချက်တွေရှိတယ်၊ အဲဒါကို လွှတ်တော်က လျစ်လျူရှုရာရောက်တာပေါ့လေ၊ တကယ်ပြန်ကြည့်လိုက်မယ် ဆိုရင်လည်း မြေလွတ်မြေရိုင်း ဥပဒေကနေပြီးတော့ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ KNU ရဲ့ မူဝါဒနဲ့ မကိုက်ညီဘူးပေါ့လေ။ ကျနော်တို့က ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အခြေခံတယ်ပေါ့လေ၊ ဒီမြေလွတ်မြေရိုင်းဥပဒေကို ရုပ်သိမ်းဖို့ပေါ့လေ၊ ကျနော်တို့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ထိခိုက်နိုင်တယ်၊ ပြီးတော့ တစ်ဘက်နဲ့ တစ်ဘက် ယုံကြည်မှု တည်ဆောက်တာကိုလည်း ထိခိုက်နိုင်တယ်လို့ ဖော်ပြထားပါတယ်"

လက်ရှိအစိုးရက အတည်ပြုလိုက်တဲ့ဥပဒေဟာ ယခင်အစိုးရတွေမှာ အသုံးပြုတဲ့ တင်းကြပ်တဲ့ဗ ဟိုချုပ်ကိုင်မှုစနစ်ဖြစ်နေပြီး ဌာနေတိုင်းရင်းသားတွေရဲ့အခွင့်အရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အလေးထားမှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီမြေလွတ်မြေရိုင်းဥပဒေဟာ အစိုးရနဲ့ KNU တို့ကြား သဘောတူထားတဲ့ NCA စာချုပ်ပါ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အချက်များ စတဲ့ အချက်တွေကို ချိုးဖောက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြေယာဥပဒေဟာ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တယ်လို့ KNU ကပြောတဲ့အပေါ် အစိုးရငြိမ်းချမ်းရေးကော်မရှင်က ဦးအောင်စိုးကို မေးမြန်းရာမှာ အခုလိုပြောပါတယ်။

"မဝေဖန်လိုပါဘူး၊ မသုံးသပ်လိုပါဘူး၊ ကျနော်တို့က ငြိမ်းချမ်းရေးရရှိအောင် ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားနေတာဆိုတော့ ဖက်ဒရယ်ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို သွားနေတာလေ အခုချိန်မှာ သူတို့ရဲ့ထုတ်ပြန်ချက်ကို မသုံးသပ်လိုပါဘူး"

လက်ရှိတိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်နေတဲ့မြေတွေဟာ ဒီဥပဒေအရ ဆက်လုပ်မယ်ဆိုရင် ရာဇဝတ်သားတွေဖြစ်နိုင်တာကြောင့် KNU ရဲ့ထုတ်ပြန်ချက်ကို ထောက်ခံတယ်လို့ လယ်ယာ မြေထိန်းသိမ်းရေးနဲ့ သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးကွန်ရက် တောင်ငူခရိုင် ဥက္ကဋ္ဌ စောဒိုထူးက ပြောပါတယ်။

"မြေလွတ်မြေရိုင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာ မရှိဘူး၊ အစိုးရက အဲလိုသတ်မှတ်တဲ့အချိန်မှာ KNU က အဲလိုကန့်ကွက်တဲ့အတွက် ကျနော်တို့အတွက် အခွင့်အရေးဖြစ်သွားတယ်၊ ကျနော်တို့ဆီမှာ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေရှိတယ်၊ အဲတော့ မြေလွတ်မြေရိုင်း ဥပဒေတွေ သတ်မှတ်ပြီးတော့ ဥပဒေအရ ဆက်လက်လုပ်ကိုင်မယ်ဆိုရင် ကျနော်တို့က ရာဇဝတ်သားတွေဖြစ်မယ်၊ အဲဒီအတွက် KNU ရဲ့ ကန့်ကွက်တဲ့ ထုတ်ပြန်ချက်ကို ကျနော်တို့က ထောက်ခံတယ်၊ ကျနော်တို့ရဲ့ ဆန္ဒနဲ့ အတူတူပဲ"

ဒီဥပဒေကို ပြဌာန်းပြီးနောက် ၆ လအတွင်းမှာ စိုက်ပျိုးလုပ်ကိုင်နေသူတွေက သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို လုပ်ပိုင်ခွင့် လာရောက် လျှောက်ထားရမယ်လို့လည်း မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တကယ်လို့ သတ်မှတ်ကာလအတွင်း မြေလွတ်မြေရိုင်း အသုံးပြုခွင့် မလျှောက်ထားတာပဲဖြစ်ဖြစ်၊ ခွင့်ပြုဖို့ မသင့်တဲ့အတွက် ဖယ်ရှားခိုင်းတာကို မဖယ်ပေးရင် ဥပဒေအရ ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ၅ သိန်း ကျခံမှာဖြစ်ပြီး မြေလည်း သိမ်းယူမယ်ဆိုတဲ့ ပြစ်ဒဏ်ကိုလည်း ဥပဒေမှာ ဖော်ပြထားပါတယ်။

ဥပဒေမှာ ပါရှိတဲ့အချက်တွေဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ဓလေ့ထုံးတမ်းအရ စီမံပိုင်ခွင့်တွေကို အသိမှတ်မပြုဘဲ တစ်ဖက်သတ်ရေးစွဲထားတဲ့ ဥပဒေဖြစ်တဲ့အပြင် လယ်ယာမြေလုပ်ကိုင်သူတွေကို ကျူးကျော်နေထိုင်စိုက်ပျိုးသူတွေအဖြစ် သတ်မှတ်တဲ့ဥပဒေ ဖြစ်နေတာကြောင့်ဆိုပြီး တိုင်းရင်းသားတွေ၊ လူမှုအဖွဲ့အစည်းတွေက ကန့်ကွက်နေကြတာဖြစ်ပါတယ်။

မြေယာနဲ့ ပတ်သက်တဲ့ဥပဒေတွေကို ဒီမိုကရေစီ ဖက်ဒရယ်စံချိန်စံညွှန်းတွေကို အခြေခံကာ ပြန် သုံးသပ်ပြီး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲတာတွေ ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကနေ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ဥပဒေကို ပြင်ဆင် ပြဌာန်းလိုက်ပြီး အဲဒီဥပဒေ အတည်ပြုပြဌာန်းပြီး ၆လ အတွင်းမြေလွတ်မြေရိုင်းတွေကို မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံမတင်ဘဲ အသုံးပြုမယ်ဆိုရင် ထောင်ဒဏ် ချမှတ်ခံရမယ်ဆိုတဲ့အချက် ပါတာကြောင့် တိုင်းရင်းသားတွေက ကန့်ကွက်နေကြတာဖြစ်ပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org