တိုက်ပွဲတွေကြောင့် ယုံကြည်မှု တည်ဆောက်ရခက်နေကြောင်း KNU ပြော
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြား ယုံကြည် မှုတွေ တိုးတက်လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တိုက်ပွဲတွေဖြစ်ပွားခဲ့တာဟာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ JMC-U ရဲ့ လုပ်ငန်းတွေ ကောင်းစွာ မလည်ပတ်နိုင်သေးတာကို ဖော်ပြနေ တယ်လို့ ကော်မတီ ဒုဥက္ကဋ္ဌ ၁ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက သတိပေးပြောကြားလိုက်ပါတယ်။
-
သီဟထွန်း
2020-07-07 -
-
-
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြား ယုံကြည် မှုတွေ တိုးတက်လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တိုက်ပွဲတွေဖြစ်ပွားခဲ့တာဟာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ JMC-U ရဲ့ လုပ်ငန်းတွေ ကောင်းစွာမလည်ပတ်နိုင်သေးတာကို ဖော်ပြနေတယ်လို့ ကော်မတီ ဒုဥက္ကဋ္ဌ ၁ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက သတိပေးပြောကြားလိုက်ပါတယ်။
အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တပ်မတော်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် ယုံကြည်မှုလျော့နည်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်နေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ JMC-U ဒုတိယ ဥက္ကဋ္ဌ ၁ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး က လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကြား တိုက်ပွဲဖြစ်တာက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းပိုင်းမှာ အားနည်းချက်တွေ ရှိနေတာကြောင့်လို့ ပြောပါတယ်။
"တစ်ဦးနဲ့တစ်ဦး တစ်ဖက်နဲ့တစ်ဖက်အကြား ယုံကြည်မှုများ တိုးတက်များပြားလာမည်ဟု မျှော်လင့်ထား သော်လည်း ယင်းမျှော်လင့်ချက်များ လက်တွေ့ ဖြစ်မလာသေးပါ။ ယင်းအစား NCA စာချုပ်ကို လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဝင်များအကြား တိုက်ပွဲများဖြစ်ပေါ်နေခြင်းမှာ အထူးစိုးရိမ်ရမည့် အခြေအနေ မဟုတ်သော်လည်း JMC ရဲ့ တာဝန်ရှိတဲ့လုပ်ငန်းများ ကောင်းစွာလည်ပတ်လာနိုင်ခြင်း မရှိခြင်းကို အထူးအလေးထား သတိချပ်ရမှာဖြစ်ပါတယ်။"
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးဆိုရင် တစ်နှစ်နဲ့ ၁၀ လကျော်ကြာ ရပ်တန့်ခဲ့ပြီး ၁၉ ကြိမ်မြောက် အစည်းအဝေးကို ဒီနေ့မှ နေပြည်တော်မှာ ပြန်လည် ကျင်းရာမှာ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ထောက်ပြပြောကြားခဲ့တာပါ။
JMC ရဲ့ ဖွဲ့စည်းပုံက ပူးတွဲမှုဆိုတဲ့ ပုံစံထက် ပူးပေါင်းမှုပုံစံဖြစ်နေတဲ့ အချက်အပြင် လက်တွေ့ မြေပြင်မှာ နှစ်ဖက် တပ်ဖွဲ့တွေ ပဋိပက္ခမဖြစ်အောင် ဆောင်ရွက်ရမယ့်လုပ်ငန်းပိုင်းမှာ အားနည်းချက်ရှိတာကြောင့် အပစ်ရပ်လ က်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ပြောပါတယ်။
အစည်းအဝေး တက်ရောက်တဲ့ JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က လက်ရှိအခြေအနေနဲ့ အလှမ်းကွာ တဲ့ကိစ္စတွေကိုဆွေးနွေးရင် ကြန့်ကြာပြီး လမ်းကြောင်းလွဲနိုင်တာကြောင့် အလှမ်းမကွာတဲ့ကိစ္စတွေကိုသာ ဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်ဖို့ အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။
"မိမိဖော်လိုတဲ့ပုံရိပ်ဟာ ကျနော်တို့ လက်ရှိအခြေအနေနဲ့ အလှမ်းဝေးနေမယ်ဆိုရင် ညှိနှိုင်းဆွေးနွေးရတာ ကြန့်ကြာတတ်ပါတယ်။ အဲလို ညှိနှိုင်းဆွေးနွေးရတာ ကြန့်ကြာလာတာနဲ့အမျှ လမ်းကြောင်းလွဲသွားနိုင်တယ် ဆိုတာ ကျတော်ယခင်ကလည်း ပြောပြီးဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျနော်တို့ အနီးစပ်ဆုံး လက်ရှိအခြေ အနေနဲ့ ကိုက်ညီတဲ့ မိမိဖော်လိုတဲ့ပုံရိပ်ကို ညှိနှိုင်းဆွေးနွေးကြပြီးတော့ တဆင့်နဲ့တဆင့် ယုံကြည်မှု တည်ဆောက်သွားဖို့ လိုအပ်ပါမယ်။ အလှမ်းမကွာဖို့ အကြံပြုလိုပါတယ်။"
အပစ်ရပ် ၁၀ ဖွဲ့မှာ အင်အားကြီး နှစ်ဖွဲ့ဖြစ်တဲ့ KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့ တို့ဟာ တပ်မတော်နဲ့ နယ်မြေကျော်လွန် အငြင်းပွားမှုအပါအဝင် တခြားအကြောင်းအရာတွေနဲ့ တိုက်ပွဲဖြစ်တာ တွေရှိခဲ့တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်မယ်ဆိုပြီး အဲဒီ နှစ်ဖွဲ့က JMC နဲ့ UPDJC အစည်း အဝေးတွေကို တစ်နှစ်ကျော်ကြာ မတက်ရောက်ခဲ့ပါဘူး။
တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက JMC ရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ တပ်နေရာ ချထားရေးကို အောင်မြင်အောင်ညှိနှိုင်းဖို့ လိုတယ်လို့ ပြောပါတယ်။
"အဲဒီ တပ်နေရာချထားရေးတွေကို ပြေပြေလည်လည် ညှိနှိုင်းရင်တော့ တိုက်ပွဲတွေ မဖြစ်တော့ပဲနဲ့ JMC ရဲ့ လုပ်ငန်းအောင်မြင်တယ်လို့ ပြောရမှာပေါ့။ အဓိက JMC က ညှိရမှာက အဲကိစ္စပါပဲဗျ။ ဘယ်အဖွဲ့ကတော့ ဘယ်မှာနေမယ် ဘယ်အဖွဲ့က ဘယ်မှာနေမယ်ဆိုတာကို ညှိုနိုင်ရမှာပေါ့ JMC ဆိုတာ။ JMC မှာ အဲဒါမညှိ နှိုင်းဘူးဆိုရင်တော့ JMC လုပ်ငန်း မအောင်မြင်ဘူးလို့ ပြောရမှာပေါ့။ တပ်နေရာချထားရေးမှာ ဒါ RCSS နေသင့်တယ်၊ ဒီနေရာ KNU နေသင့်တယ် သို့မဟုတ် တပ်မတော် နေသင့်တယ်ဆိုတဲ့အပိုင်းမှာ သဘော တူညီချက်မရတဲ့အပိုင်းပဲ။ အဲဒါကို အကျေအလည်ညှိဖို့လိုတာ။"
နေပြည်တော်မှာ ဒီနေ့ စတင်ပြီး နှစ်ရက်ကြာ ကျင်းပမယ့် JMC-U အစည်းအဝေးမှာ အဖွဲ့ရဲ့ ရန်ပုံငွေအခြေအနေ၊ JMC ဆိုင်ရာ လုပ်ငန်းလမ်းညွှန်တွေကို ပြန်လည်သုံးသပ်တာတွေနဲ့ ဒေသခံ အရပ်သားစောင့်ကြည့်သူတွေရဲ့ ပါဝင်မှုအခြေအနေ စတာတွေကို ဆွေးနွေးကြတာဖြစ်ပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က လက်နက်ကိုင် ပဋိပက္ခတွေ ကြာလာတာနဲ့အမျှ ဒေသခံပြည်သူတွေသာ အများဆုံးထိခိုက်ခံစားရတယ်၊ တိုက်ပွဲပဋိပက္ခတွေမှာ အသုံးပြုဖို့ မြေပေါ်မြေအောက် သယံဇာတတွေကို ထုတ်ယူသုံးစွဲကြပြီး ဂေဟစနစ်တွေ ပျက်ဆီးစေတယ်လို့ ပြောပါတယ်။
သယံဇာတ မထုတ်ယူနိုင်တဲ့ ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးတာတွေကို လုပ်ကိုင်နေပေမယ့် အပစ်ရပ်လက်မှတ်ထိုးတဲ့အဖွဲ့တွေနဲ့တော့ ဒီလိုကိစ္စတွေမှာ ညှိနှိုင်းဆွေးနွေးတာတွေရှိလို့ မူးယစ်ဆေးနဲ့ ပတ်သက်မှု အများကြီး လျော့ကျလာတယ်လို့ ဆိုပါတယ်။
JMC-U ဒုတိယ ဥက္ကဋ္ဌ ၁ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းတွေမှာ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ ပြည်ပကအဖွဲ့အစည်းတွေကို ပါဝင်ခွင့်မပေးတာကလည်း မြေပြင်အခြေအနေအပေါ် လွတ်လပ်တဲ့ အမြင်ရဖို့ အခက်အခဲရှိနိုင်တယ်လို့ ထောက်ပြပါတယ်။
အရပ်သား ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ JMC-U ဒုတိယ ဥက္ကဋ္ဌ ၂ စောမက်သယူးအေးက JMC လုပ်ငန်းတွေမှာ အရပ်သားတွေပါဝင်မှု အခန်းကဏ္ဍက ပိုအားကောင်းလာတယ်လို့ ပြောပါတယ်။
လာမယ့် ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်နေ့မှာ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေ တက်ရောက်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM၊ သြဂုတ်လ ၁၀နဲ့ ၁၁ ရက်နေ့မှာ UPDJC နဲ့ သြဂုတ်လ ၁၂၊ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးတွေ ဆက်တိုက်ကျင်းပသွားဖို့ ရှိပါတယ်။