မုန်းမြို့က စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်လိုက်ကြောင်း KNU ထုတ်ပြန်

"အခုသိမ်းလိုက်နိုင်တဲ့ စခန်းတွေက စစ်ရေးမဟာဗျူဟာအရ အရေးပါတဲ့စခန်းတွေဖြစ်တယ်။ နေပြည်တော်ဘက်ကို ဆက်လက်ချီတက်မယ့် လမ်းကြောင်းလည်းဖြစ်တယ်” လို့ KNU ပြောခွင့်ရှိသူ ပဒိုစောကလယ်စေးကပြောပါတယ်။

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က KNU ဗဟိုဌာနချုပ်တွင် ကျင်းပသော ကရင်အမျိုးသားအစည်းအရုံး (KNU) နှစ် ၇ဝ ပြည့်အခမ်းအနားတွင် စစ်ရေးပြနေကြသည့် KNU တပ်ဖွဲ့ဝင်များ။ Photo: KNU

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မုန်းမြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်း အားလုံးကို ဒီဇင်ဘာလ ၄ ရက် ဒီနေ့ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်(PDF) တွေပေါင်းပြီး နှစ်ရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၅၉၉၊ ခမရ ၅၉ဝ၊ မုန်းမြို့မရဲစခန်း၊ တံတားထိပ်ဂိတ်စခန်း အဲဒီစခန်းလေးခုလုံးကို သိမ်းပိုက်လိုက်တာလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒေသခံပြည်သူလူထုတွေ နေလို့မရအောင် အဲဒီစခန်းတွေကနေ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အခုလို တိုက်ခိုက်သိမ်းပိုက်ရတာလို့ KNU က ပြောပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးတာတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် အင်အားအများအပြား လက်နက်ချအညံ့ခံခဲ့တယ်လို့လည်း KNU ဘက်ကပြောပါတယ်။ အရေအတွက် အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိပါဘူး။

မုန်းမြို့က စခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီးမေးမြန်းဖို့ KNU ပြောခွင့်ရသူတွေဆီ RFA က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိသေးပါဘူး။

KNU ပြောခွင့်ရှိသူ ပဒိုစောကလယ်စေးက "အခုသိမ်းလိုက်နိုင်တဲ့ စခန်းတွေက စစ်ရေးမဟာဗျူဟာအရ အရေးပါတဲ့စခန်းတွေဖြစ်တယ်။ နေပြည်တော်ဘက်ကို ဆက်လက်ချီတက်မယ့် လမ်းကြောင်းလည်းဖြစ်သလို တပ်မဟာ(၅) နယ်စပ်ဘက်ကို ထိန်းချုပ်နိုင်ဖို့ အဓိကလမ်းကြောင်းလည်းဖြစ်တယ်” လို့ ကေအိုင်စီသတင်းဌာနကို ပြောထားပါတယ်။

စခန်းအားလုံးသိမ်းပိုက်ပြီးတဲ့နောက် KNU တပ်ဖွဲ့ဝင်အင်အား ၁၅ဝဝ လောက်နဲ့ မြို့တွင်းကို နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီဘက်ကတော့ ဘာမှထုတ်ပြန်တာမရှိသေးပါဘူး။ အဲဒီမှာနေတဲ့ ဒေသခံတွေဟာ ဒီတိုက်ပွဲမဖြစ်ခင်ကတည်းက ကြိုတင်ရှောင်ရှားနေကြတာကြောင့် ဘေးကင်းတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org