ကရင်ပါတီတွေကို မဲပေးကြဖို့ KNU တိုက်တွန်း

၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပါတီတွေကို တခဲနက်မဲပေးဖို့ ကရင်အမျိုးသား အစည်းအရုံး KNU က တိုက်တွန်းလိုက်ပါတယ်။ အာဏာရပါတီကတော့ လူမျိုးရေးအရ စည်းရုံးတာ မသင့်တော်ဘူးလို့ ဆိုပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP က ဘားအံမြို့နယ်မှာ ၂၀၂၀ စက်တင်ဘာ ၁၀ ရက်နေ့က မဲဆွယ်စည်းရုံးခဲ့စဉ် Photo: Saw Nyut Thaung/RFA

၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပါတီတွေကို တခဲနက်မဲပေးဖို့ ကရင်အမျိုးသား အစည်းအရုံး KNU က တိုက်တွန်းလိုက်ပါတယ်။ အာဏာရပါတီကတော့ လူမျိုးရေးအရ စည်းရုံးတာ မသင့်တော်ဘူးလို့ ဆိုပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ကရင်နိုင်ငံရေးပါတီတွေကို တခဲနက် မဲပေးကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးတာ ၅ နှစ်ပြည့်တဲ့ အောက်တိုဘာ လ ၁၅ ရက် မနေ့က ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့တာပါ။

ကရင်တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်စနစ်ကို သွားဖို့အတွက် လွှတ်တော်အတွင်းအပြင်ကနေ ကြိုးစားနိုင်ဖို့ ကရင်တိုင်းရင်းသားတွေကို အခုလို တိုက်တွန်းတာလို့ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူး က ပြောပါတယ်။

"လွှတ်တော်အတွင်းနဲ့ လွှတ်တော်ပြင်ပ နှစ်ခုရဲ့ဆုံရပ်က NCAဖြစ်ပြီးတော့ NCA အရ ဖက်ဒရယ်ကို တည်ဆောက်ဖို့ဖြစ်တယ်၊ လွှတ်တော်အတွင်းနဲ့ လွှတ်တော်ပြင်ပလမ်းကြောင်းတွေ အားလုံးက ဦးတည်ချက်တစ်ခုတည်းဖြစ်အောင် ကျနော်တို့ သွားဖို့လိုတယ်၊ အဲဒါကြောင့် လွှတ်တော်အတွင်းဖြစ်တဲ့ ရွေးကောက်ပွဲတွေမှာလည်း ကရင်တွေ ကိုယ့်အရေးကိုယ့်အရာကို ကိုယ့်ကိုကိုယ့်ဖန်တီးပြီးတော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ ကန့်သတ်ချက်ဘောင်ထဲမှာဘဲ စလုပ်နိုင်တဲ့ ကိစ္စတွေကို ဒီလိုလုပ်ခြင်းအားဖြင့် ကျနော်တို့ကလည်း လွှတ်တော်ပြင်ပမှာရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ခေါင်းစဉ်တစ်ခုတည်းသွားနိုင်တဲ့ ပုံစံမျိုးကို သွားနိုင်တဲ့အချိန်ရောက်တာကြောင့် ကျနော်တို့ သွားဖို့လိုတယ်"

ကရင်တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ကို သွားဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်တချို့ ကို ပြင်ဆင်ဖို့ လိုအပ်ပြီး ပြီးခဲ့တဲ့အစိုးရနဲ့ လက်ရှိအစိုးရ လက်ထက်မှာ မဆောင်ရွက်ခဲ့နိုင်တာကြောင့် အခု ရွေးကောက်ပွဲမှာ ကရင်တိုင်းရင်းသားတွေ ပါဝင်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေမှာ ပါဝင်လို့ရတယ် ဆိုတာကို ထောက်ပြတာ ဖြစ်ကြောင်း  ပဒိုစောတာဒိုမှူးက ပြောပါတယ်။

ကရင်တွေအနေနဲ့ ကရင်ပါတီတွေကိုမဲပေးခြင်းအားဖြင့်  အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကိုယ်တိုင် ပါဝင်ကာ တဆင့်ပြီးတဆင့်ရယူဖို့ KNU ကတိုက်တွန်းထားပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည့်စိုးက စစ်မှန်တဲ့ ဖက်ဒရယ်ရအောင် ကရင်အဖွဲ့အစည်းတွေနဲ့  လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ခုချိန်မှာတော့ ကျနော်တို့လည်း လွှတ်တော်တွင်းက ဆောင်ရွက်မယ်၊ သူတို့လက်နက်ကိုင် အဖွဲ့အစည်းတွေ NCA လက်မှတ်ရေးထိုးထားတဲ့ KNU က လွှတ်တော်ပြင်ပကနေ ကြိုးစားမယ်ဆိုတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးတွေပေါ့လေ၊ အဲဒီအနေအထားနဲ့ တွဲဖက်ပြီးတော့ ကျနော်တို့က လွှတ်တော်တွင်းမှာရော၊ လွှတ်တော် ပြင်ပမှာရော၊ ပူးပေါင်းပြီးတော့ တတ်နိုင်တဲ့လမ်းနည်း၊ ဖြစ်နိုင်တဲ့ အခြေအနေအားလုံးကို စဉ်းစားသုံးသတ်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ ကျနော်တို့က အဲဒီလို သဘောရပါတယ်”

KNU က ကရင်ပါတီတွေကိုပဲ မဲပေးဖို့တိုက်တွန်းထားနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်မှာ အများစုနေ ရာရနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်ကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

NLD ပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ မဲပေးမှုနဲ့ ပတ်သက်ပြီး လူမျိုးရေးအရ တိုက်တွန်းတာမျိုးက မသင့်လျော်ဘူးလို့  ပြောပါတယ်။

“အဲဒါကတော့ ပြည်ထောင်စုစိတ်ဓာတ်နဲ့မကိုက်ညီဘူးလို့ ထင်ပါတယ်၊ လူမျိုးရေးအရခွဲခြား ပြီး မဲပေးဖို့၊ မပေးဖို့၊ ဒီလု့ိတိုက်တွန်းတာဟာ ရွေးကောက်ပွဲဥပဒေနဲ့ ကိုက်ညီမှုမရှိပါဘူး၊ ဒါကြောင့် သူတို့အနေနဲ့ တိုက်တွန်းမှုကို ပြန်လည် စဉ်းစားသင့်တယ်လို့ ထင်ပါတယ်”

တခြားပြည်နည် အများအပြားလိုပဲ ကရင်ပြည်နယ်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက NLD ပါတီက နေရာအများစု အနိုင်ရခဲ့ပြီး ကရင်ပါတီတွေ ရှုံးနိမ့်ခဲ့တာပါ။  ပြည်နယ်လွှတ်တော်အတွက် သံတောင်ကြီးမဲဆန္ဒနယ် တစ်နေရာသာ ကရင်ပြည်သူပါတီက အနိုင်ရရှိခဲ့ပါတယ်။

အရင်ရွေးကောက်ပွဲတွေမှာ အခြေအနေမကောင်းခဲ့တာကြောင့် ကရင်ပြည်နယ် အခြေစိုက်ပါတီတွေဖြစ်တဲ့ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတတ်ရေးပါတီ( KSDDP)နဲ့ စည်းလုံး ညီညွှတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းပြီး ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို ၂၀၁၇ နှစ်ကုန်ပိုင်းတုန်းက ထူထောင်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်း နေရာတချို့ အနိုင်ရခဲ့တဲ့ ဖလုံစဖော်ဒီမိုကရက်တစ်ပါတီက ပါတီဝင်တချို့လည်း ပူးပေါင်းခဲ့ပါတယ်။

ပါတီအများအပြား ပူးပေါင်းလိုက်နိုင်တာကြောင့် ကရင်တိုင်းရင်းသားတွေရဲ့ ထောက်ခံမဲကို တစုတစည်းတည်း ပိုမို ရရှိနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်တိုင်းရင်းသားပါတီတွေ နေရာမထပ်စေရေးအတွက် တိုင်ပင်ထားကြပြီး ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက မဲဆန္ဒနယ် ၃၆နေရာမှာ နေရာ ၃၀ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အခြားကရင်အမျိုးသားပါတီ၊ ကရင်ပြည်သူပါတီနဲ့ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီတွေလည်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီနဲ့ ကယားစတဲ့ ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေမှာ နေရာမထပ်အောင် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org