ကိုးကန့်ဒေသမှာ မဲစာရင်းကောက် ယူတော့မည်
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက အခြေခံမဲဆန္ဒရှင် စာရင်းတွေကို အခုဇူလိုင်လ အတွင်းမှာ စတင်ကောက်ယူသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။
-
2015-07-04 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အခြေခံမဲဆန္ဒရှင်စာရင်းတွေကို အခုဇူလိုင်လ အတွင်းမှာ စတင်ကောက်ယူသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။
လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေကို လာမယ့်တနင်္လာနေ့မှာ စတင်ကောက်သွားမယ်လို့ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲအရာရှိ ဦးကျော်စွာဦးက ပြောပါတယ်။
"လောက်ကိုင်ရယ် ကုန်းကြမ်းရယ်ကို တနင်္လာနေ့နံနက်စမှာပေါ့နော်၊ လက်ရှိ ဒါကိုရပ်ကျေးထဲမှာပါမယ့်စာရင်း လဝကမှာပါမယ့်စာရင်းဘာညာဆိုတော့ လက်ရှိအခါတော့ တချို့လူတွေကတော့ ဝင်လာဖို့တော့ကျန်သေး တယ်၊ လာတော့လာနေကြတယ် သူ့ဟာနဲ့သူတော့ တစ်ရက်ကို ၁ဝဝ ပဲဖြစ်ဖြစ်၊ ၁၅ဝ ပဲဖြစ်ဖြစ် အိမ်ထောင် စုတွေက စပြီးတော့ဝင်လာနေကြပြီ၊ လက်ရှိကျနော် ကောက်တဲ့အခါမှာကျတော့ တကယ့်ရပ်ကျေးမှာရှိတဲ့ ဟာရယ် ဒီမှာရှိတဲ့ ပုံစံ ၆၆ အတိုင်းပဲ ကျနော်ကောက်ပါမယ်"
လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်တွေမှာ လက်ရှိခန့်မှန်းစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ရှစ်သောင်းနီးပါးရှိပြီး အဲ့ဒီနှစ်မြို့နယ်က အခြေခံမဲစာရင်းတွေကို နှစ်ပတ်ကြာကောက်ယူသွားမှာ ဖြစ်ပါတယ်။
၂ဝ၁၅ ရွေးကောက်ပွဲအတွက် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက ၄ မြို့နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ထဲက ၂ မြို့နယ်နဲ့ မိုင်းလား စတဲ့မြို့နယ် ၇ မြို့နယ်မှာ မဲစာရင်းတွေကို ကောက်ယူနိုင်ခြင်းမရှိသေးဘူး လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။