လိပ်ကျွန်းလူသတ်မှု ရဲတပ်ဖွဲ့ အစီရင်ခံစာ ပယ်ချခံရ

မြန်မာအလုပ်သမား ၂ ဦးကို လူသတ်မှုနဲ့ အရေယူးအပြစ်ပေးဖို့ ထိုင်းရဲတပ်ဖွဲ့က အကြံပြုတိုက်တွန်းထားတဲ့ အစီရင်ခံစာကို ထိုင်းတောင်ပိုင်း ဆူရတ်သာနီ တရားသူကြီးအဖွဲ့ရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။

ခိုတောင်းကျွန်း လူသတ်မှုကို ထိုင်းရဲတွေ သတင်းစာရှင်းလင်းစဉ် Photo: TAWATCHAI KHEMGUMNERD

မြန်မာအလုပ်သမား ၂ ဦးကို လူသတ်မှုနဲ့ အရေယူး အပြစ်ပေးဖို့ ထိုင်းရဲတပ်ဖွဲ့က အကြံပြုတိုက်တွန်းထားတဲ့ အစီရင်ခံစာကို ထိုင်းတောင်ပိုင်း ဆူရတ်သာနီ တရားသူကြီးအဖွဲ့ရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာမှာ အထူးအရေးကြီးတဲ့ သတင်းအချက်လက်တွေ ကျန်ရှိနေကြောင်း၊ ဒီအမှုဟာ နာမည်ကြီးပြီး နိုင်ငံတကာအသိုင်းဝိုင်းမှာ အထူးစိတ်ဝင် တစားရှိနေတဲ့အမှုဖြစ်နေကြောင်း၊ ဒါ့ကြောင့် အားနည်း ချက်တွေကို ဖြည့်စွက်ပြင်ဆင်ပြီးမှ တင်ပြဖို့ ဆုံးဖြတ်ခဲ့ တယ်လို့ သိရပါ တယ်။

စာမျက်နှာ ၈၅ဝ ပါရှိတဲ့ ဒီစုံစမ်းစစ်ဆေးချက် အစီရင်ခံစာမှာ မြန်မာနိုင်ငံသား ၂ ဦးဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ကို သေစေလိုတဲ့ရည်ရွယ်ချက်ဖြင့် ကြိုတင်ကြံစည် လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းခိုးယူမှုနဲ့ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုတို့နဲ့ ဖမ်းဆီးအပြစ်ပေးဖို့ အကြံပြုတိုက်တွန်းထားပါတယ်။

တချိန်ထဲမှာလည်း ခိုထောင်းကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာမှာ မှုခင်းစုံစမ်းမှု လုပ်ထုံးလုပ်နည်းတွေကို မသုံးခဲ့ဘဲ ရဲတပ်ဖွဲ့တခုထဲက အမှုကို တည်ဆောက်စစ်ဆေးခဲ့တာဖြစ်တဲ့အတွက် ထိုင်း မှုခင်းဆရာဝန်အဖွဲ့က အကြီးအကဲ ဒေါက်တာ ခွန်ယင်ပွန်တစ်က ဒီကနေ့ ဝေဖန်ရှုတ်ချလိုက်ပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းက လူသတ်မှုမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် က မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ကို တရားခံတွေဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲထားတာဟာ စုံစမ်းစစ်ဆေးမှု မပြည့်စုံတဲ့အကြောင်း ထိုင်းနိုင်ငံမှုခင်းဌာန ညွှန်ကြားရေးမှူးချုပ်က ဘန်ကောက်ပို့စ်သတင်းနဲ့ ရုပ်မြင်သံကြားတစ်ခုရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ကောက်နှုတ်တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org