ခိုတောင်းကျွန်း လူသတ်မှု ဗြိတိန်ပါဝင်စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ်သဘောတူ၊ လန်ဒန်မှာဆန္ဒပြ

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း (ခေါ်) လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုကို စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ကို ဝင်ရောက်ကူညီ စစ်ဆေးခွင့်ပြုဖို့ ထိုင်းဝန်ကြီးချုပ်က သဘောတူလိုက်ပါတယ်။

ခိုတောင်းကျွန်းလူသတ်မှု အမှုမှန်ဖော်ထုတ်နိုင်ရေး ဗြိတိန် ဝန်ကြီးချုပ် နေအိမ်ရှေ့မှာ လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေ နဲ့ ဗြိတိန်နိုင်ငံသားတွေ ဆန္ဒပြတောင်းဆိုနေစဉ်

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း (ခေါ်) လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုကို စုံစမ်း စစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ကို ဝင်ရောက်ကူညီ စစ်ဆေးခွင့်ပြုဖို့ ထိုင်းဝန်ကြီးချုပ်က သဘောတူ လိုက်ပါတယ်။

အီတလီနိုင်ငံ မီလန်မြို့မှာကျင်းပနေတဲ့ ဥရောပအာရှ ASEM အစည်းအဝေးကာလအတွင်း ဗြိတိန် ဝန်ကြီး ချုပ် ဒေးဗစ်ကင်မရွန်းနဲ့ တွေ့ဆုံဆွေးနွေးအပြီး ထိုင်းဝန် ကြီးချုပ် ပရာယွတ်ချန်အိုချားက အခုလို သဘောတူ လိုက်တာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ဗြိတိန် သံတမန်အသိုင်းဝိုင်းကို ကိုးကားပြီး AFP သတင်း ဌာန ရေးသားပါတယ်။

ဝန်ကြီးချုပ်ကင်မရွန်းအနေနဲ့ ခိုတောင်းအမှုမှာ ထိုင်းရဲ တပ်ဖွဲ့နဲ့အတူ ဗြိတိန် ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်စစ်ဆေးခွင့် ကို ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ သဘောတူရရှိ ခဲ့ကြောင်း၊ အဓိကအားဖြင့် စွပ်စွဲခံထားရတဲ့ မြန်မာ ၂ ဦးရဲ့ DNA နမူနာနဲ့ သေဆုံးသူတွေရဲ့ DNA တွေကို စစ်ဆေးရာမှာ လွတ်လပ်စွာ ဖော်ထုတ်စစ်ဆေးနိုင်ဖို့နဲ့ တရားခံအဖြစ် စွပ်စွဲထားသူတွေကို ညဉ်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖော်ထုတ်စုံစမ်းဖို့ဖြစ်ကြောင်း ဗြိတိန်သံတမန်အသိုင်းဝိုင်းက ပြောပါတယ်။

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုမှာ မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ကို ထိုင်းရဲတပ်ဖွဲ့က တရားခံတွေအဖြစ် စွပ်စွဲဖမ်းဆီးထားပါတယ်။

ဒီလို စွပ်စွဲရာမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကနဦးပြောဆိုချက်တွေနဲ့ ကွဲလွဲနေတဲ့အတွက် အမှုမှန်နဲ့တရားခံအမှန် ဖော်ထုတ် အရေးယူပေးဖို့ ဗြိတိန်နဲ့ မြန်မာအစိုးရအပါအဝင် လူ့အခွင့်ရေးအဖွဲ့စည်းတွေက တောင်းဆိုနေကြပါတယ်။

အရင်ရက်တွေကတော့ ဒီလိုနိုင်ငံခြားက ဝင်ရောက်စစ်ဆေးတာမျိုးကို ထိုင်းဝန်ကြီးချုပ်ကရော ထိုင်းရဲတပ်ဖွဲ့ကပါ အချုပ်အခြာအာဏာထိပါးမှုအဖြစ် လက်မခံကြောင်း ပြောကြားခဲ့ကြပါတယ်။

တချိန်ထဲမှာလည်း ခိုတောင်းကျွန်းလူသတ်မှု အမှုမှန်ဖော်ထုတ်နိုင်ရေး ဗြိတိန်ဝန်ကြီးချုပ် နေအိမ် ရှေ့မှာ လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ဗြိတိန်နိုင်ငံသားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီအကြောင်း လန်ဒန်က သတင်းပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org