ကိုထင်ကျော် လွတ်မြောက်
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ဟာ ဒီကနေ့ အင်းစိန် အကျဉ်းထောင်ကနေ လွတ်မြောက်လာပါတယ်။
-
2017-09-04 -
-
-
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ဟာ ဒီကနေ့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက် လာပါတယ်။
တရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က)နဲ့ ပတ်သက်ပြီး တပ်မတော်က အမှုကို ရုပ်သိမ်းလိုက်တဲ့အတွက် ဒီအမှုကို ဆက်ပြီးရင်ဆိုင်ဖို့ မလိုတော့ဘူးလို့ ကိုထင်ကျော် က ပြောပါတယ်။
"တပ်ကစွဲထားတဲ့ ၅၀၅ (က) က ကျေအေးတယ်လို့ မခေါ်ဘူး။ အမှုရုပ်သိမ်းတယ်လို့ ခေါ်တာပေါ့။ ဒီပုဒ်မက ကျေအေးခွင့်မရှိတဲ့ပုဒ်မလေ။ အမိန့်ချခါနီးမှ သူကဒီဟာကို ပြစ်မှုဆိုင်ရာကျင့်ထုံး ၂၄၈ အရပေါ့ဗျာ၊ အမှုရဲ့ မည်သည့်အဆင့်မှာမဆို ပြန်ရုပ်သိမ်းခွင့်ရှိတယ်လို့ ပြဌာန်းထားတယ်လေ။ ပြစ်မှုဆိုင်ရာကျင့်ထုံး ၂၄၈ အရ သူတို့ ပြန်ရုပ်သိမ်းသွားပြီးတော့မှ တရားရုံးက အမှုကို အပြီးပြတ် လွှတ်လိုက်တာပေါ့။ ၅၀၅ (က) အမှုက ပြီးပြတ်သွားပါပြီခင်ဗျ၊ ရင်ဆိုင်စရာမလိုတော့ပါဘူးခင်ဗျ။"
ကိုထင်ကျော်ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းက မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှေ့မှာ တပ်မတော် အရာရှိတွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တဲ့စကားတွေကြောင့် စစ်ဦးစီးချုပ်ရုံးက ဒုတိယဗိုလ်မှူးကြီးတစ်ယောက်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုနဲ့ အင်းစိန်အကျဉ်းထောင်မှာ ၁၁ လကြာ နေခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံနဲ့ မီးသတ်ရေကန်ကို ကာရံထားတဲ့ အုတ်တံတိုင်းတွေကို အများပြည်သူပိုင်တဲ့ ပန်းခြံအဖြစ် ပြန်လည်ရရှိဖို့ ဆန္ဒပြရင်း ဝင်ဖျက်ခဲ့တာကြောင့် ပိုင်နက်ကျုးလွန်မှုပုဒ်မ ၄၄၇၊ အကျိုးစီးပွားဖျက်စီးမှု ပုဒ်မ ၄၂၇ နဲ့ ကိုထင်ကျော်ကို တရားစွဲထားတဲ့အမှုလည်း အာမခံရရှိခဲ့တယ်လို့ သိရပါတယ်။