ကိုထင်ကျော် အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြ
ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ဟာ အင်းစိန်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတာ ၄ ရက်ရှိပြီလို့ သိရပါတယ်။
-
2013-08-09 -
-
-
ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ဟာ အင်းစိန်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတာ ၄ ရက်ရှိပြီလို့ သိရပါတယ်။
သူ့ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ခ၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ တွေနဲ့ အာဏာပိုင်တွေက ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ပို့ထားတာဖြစ်ပါတယ်။
ကိုထင်ကျော့်ကိစ္စနဲ့ ပတ်သက်ပြီး ဥရောပအခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ FIDH က၊ မြေသိမ်းယာသိမ်းခံရတဲ့ ပြည်သူတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို တရားလက်လွတ်ဖမ်းဆီးထားတဲ့အပေါ် ပြစ်တင်ရှုံ့ချကြောင်းနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို စာရေးသားဖို့တိုက်တွန်းကြောင်း ကြေညာချက်တစ်စောင်ကို မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့နေ့လည်မှာတော့ ကိုထင်ကျော်ကို၊ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန်ရပ်ကွက် အိမ်နေရာတွေ ပြန်လည်ရရှိရေးတောင်းဆိုလို့ တရားစွဲခံထားရတဲ့ ဦးစိန်သန်း၊ ဦးကျော်လွင်တို့နဲ့အတူ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကိုထင်ကျော်အတွက် ကူညီနေတဲ့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ကိုထွန်းထွန်းနိုင်က အခုလိုပြောပါတယ်။
“ကိုထင်ကျော်ကို ဒီနေ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးကို ရုံးထုတ်ပါတယ်၊ မိချောင်းကန်က ဦးစိန်သန်းတို့နဲ့ ပုဒ်မ ၁၈ နဲ့ ရုံးထုတ်လာတယ်၊ ကျန်းမာရေးက အစာငတ်ခံဆန္ဒပြတာ အခုကလေးရက်လောက်ရှိပြီးဆိုတော့ နည်းနည်းအားနည်းနေပုံပေါက်တယ်၊ အခုသူ့ကို ၅ တိုက်မှာထားတယ်၊ ခင်ဗျားကို ထောင်ကရေဖြတ်သလားဆိုတော့ ရေမဖြတ်ဘူးတဲ့၊ သူကပြည်သူတွေကို အာဏာရှင်အောက်မှာ ဘယ်တော့မှ ဒူးမထောက်နဲ့ပေါ့၊ တပ်ပိုင်မြေဆိုတာ ဟုတ်ရဲ့လား၊ မဟုတ်ဘူး မဟုတ်ဘူးဆိုပြီး အောက်ကမိချောင်းကန်ပြည်သူတွေက ကြွေးကြော်တာပေါ့၊ သူ့ရဲ့အရင်ပုစံအတိုင်းပဲ ကြွေးကြော်ပြီးတော့ ပြန်သွားတယ်”
နိုင်ငံပေါင်း ၁၇၈ နိုင်ငံက လူ့အခွင့်အရေးဆောင်ရွက်သူတွေပါဝင်တဲ့ ဥရောပအခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ FIDH က သူတို့ဆီက ရှေ့နေတွေ အနေနဲ့ သက်ဆိုင်ရာကခွင့်ပြုမယ်ဆိုရင် မြန်မာနိုင်ငံမှာ ကိုထင်ကျော်ရဲ့အမှုအတွက် လိုက်ပါဆောင်ရွက်လိုတဲ့အကြောင်း ကမ်းလှမ်းထားတယ်လို့သိရပါတယ်။
ကိုထင်ကျော်ကို စွဲထားတဲ့အမှုတွေထဲက မြောက်ဥက္ကလာပမြို့နယ်က အိမ်သိမ်းခံရမှုတွေကို ဖေါ်ထုတ်တဲ့အတွက် ပုဒ်မ ၅၀၅-ခနဲ့ တရားစွဲခံထားရတဲ့အမှုအတွက် လာမယ့် သြဂုတ်လ ၁၃ ရက်နေ့မှာ ရုံးချိန်းပေးထားတယ်လို့သိရပါတယ်။