လေကြောင်းကနေဗုံးကြဲလို့ ကိုးကန့်မှာ ကလေးသုံးဦးအပါအဝင် ခြောက်ဦးသေဆုံး
ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ စစ်ကောင်စီက နိုင်ဝင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးသုံးဦးအပါအဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
-
RFA Burmese
2023-11-05 -
-
-
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသမှာ စစ်ကောင်စီက နိုင်ဝင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးသုံးဦးအပါအဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေသေဆုံးခဲ့တယ်လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောပါတယ်။
" လက်ရှိတိုက်ပွဲဖြစ်နေတာက ကိုးကန့်မှာလည်းဖြစ်နေတယ်၊ မုံးကိုးမှာလည်းဖြစ်နေတယ်၊ ကွမ်းလုံမှာလည်း ဖြစ်နေတယ်၊ မနေ့ကနေ ဒီနေ့ နေ့လယ်ပိုင်းအထိပေါ့နော်၊ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးခဲ့တဲ့ အရပ်သားက ခြောက်ယောက်ရှိပါတယ်၊ အဲဒီအထဲ ကလေးက သုံးယောက် ပါပါတယ်။"
နိုဝင်ဘာလ ၄ ရက်နေ့က မုံးကိုးခရိုင်၊ မုံးကြည်ဒေသ၊ ရှင်းကျိုင့်ရွာအတွင်း စစ်ကောင်စီလေကြောင်းကနေ နေဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး သုံးဦးနဲ့ လူကြီးနှစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် နိုင်ဝင်ဘာလ ၅ ရက်နေ့က မုံးယောင်ဒေသ၊ ဟွေလော့ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ (၁၀) ရက်မြောက်တဲ့ နိုဝင်ဘာ ၅ ရက်နေ့အထိ စစ်ကောင်စီတပ်စခန်း(၁၂၀) ကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။
MNDAA နဲ့ AA နှစ်ဖွဲ့ပေါင်း စခန်း ၁၁၀ သိမ်းနိုင်ခဲ့တယ်လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ဆိုပါတယ်။
"လက်ရှိစခန်းသိမ်းတာက ကျွန်တော်တို့ MNDAA နဲ့ AA စုစုပေါင်းက ၁၁၀ လောက်ရှိပြီ TNLA ပေါင်းလိုက်ရင် ဒီထက်ပိုများတယ်၊ အသေးစိတ်တော့ မတွက်ရသေးဘူး၊ ထိန်းချုပ်ထားတဲ့မြို့တော့ အပြောင်းအလဲ မရှိသေးပါဘူး"
နိုဝင်ဘာလ ၅ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဟာ မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ စစ်ကောင်စီ တပ်စခန်းကို သိမ်းဆည်းနိုင်ခဲ့သလို တအာင်းတပ်မတော် (TNLA) ကလည်း နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စုရှိ စစ်ကောင်စီရဲ့ “မန်ဝင်တပ်စခန်း” ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်တာကြောင့် အရပ်သားတွေသေဆုံးခဲ့ရတာ၊ စစ်ကောင်စီတပ်စခန်းတွေ သိမ်းဆည်းခံရတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းကနေ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းအရ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး၊ ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။