ကိုးကန့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စကခမှူး သေဆုံးခဲ့ကြောင်း MNDAA ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ စကခ (၁၂)မှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်း သေဆုံးခဲ့တယ်လို့ MNDAA က ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
-
RFA Burmese
2023-12-07 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်း သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကိုးကန့်ဒေသမြောက်ပိုင်း မော်ထိုက် ၊ ချုံကန် ၊ ကုန်းကြမ်းစတဲ့ နေရာတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ နေရာအနှံ့ ထွက်ပြေးပုန်းအောင်းခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့က ရှောက်ကိုင်အုပ်စုနေရာတစ်ကြောမှာ ပုန်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ရာကျော်ကို MNDAA က ပစ်ခတ်ချေမှုန်းခဲ့ရာမှာ စကခ (၁၂) ရဲ့ စကခမှူးလည်း ပါဝင်တယ်လို့ ထုတ်ပြန်ထားတာပါ။
သေဆုံးသွားတဲ့ ဗိုလ်မှူးချုပ် အောင်ဇော်လင်း ရုပ်အလောင်းကို ပြန်ပို့ပေးဖို့ စစ်ကောင်စီကို ကမ်းလှမ်းခဲ့ပေမဲ့ စစ်ကောင်စီဘက်က အကြောင်းမပြန်ဘူးလို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့...ဗိုလ်မှူးချုပ်အောင်ဇော်လင်း သေဆုံးတယ်လို့ ဆိုတာကို ငြင်းဆိုထားပြီး ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတယ်လို့ သူတို့ ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဒီဇင်ဘာလ ၇ ရက်နေ့က ဖြေဆိုထားပါတယ်။
ကိုးကန့်ဒေသမှာ စစ်ကောင်စီက စကခ (၁၂)လက်အောက်ခံ တပ်ရင်း (၃၅၅) နဲ့ စကခ လက်အောက်ခံ တပ်ရင်း (၆၉)၊ တပ်ရင်း (၃၂၃) တို့ လှုပ်ရှားနေပြီး နိုဝင်ဘာ ၂၇ ရက်နေ့က ရှီရှမ်းဒေသမှာ တပ်ရင်း (၆၉) က တပ်ရင်းမှူးကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အစောပိုင်းကာလ မုံးကိုးဗျူဟာကုန်းကို ကိုးကန့်တပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေသိမ်းယူတုန်းကလည်း တပ်မမှူးတစ်ယောက် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ကိုးကန့်ဒေသမှာ စစ်ကောင်စီရဲ့ တပ်စခန်း ၂၀၀ ကျော်ကို ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ်အဖွဲ့တွေက သိမ်းယူထားပြီး စစ်ကောင်စီရဲ့ မီရှင့်ကုတ်၊ နန်ထင်မိန်၊ ရန်လုံကျိုင့်နဲ့ တာရွှေထန်စတဲ့ တပ်စခန်းတွေသာ ကျန်တော့တယ်လို့ MNDAA က ထုတ်ပြန်ကြေညာထားပါတယ်။