ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးဖို့ အတွက် ရွေးကောက်ပွဲကော်မရှင် တင်ပြထားပြီ

နိုင်ငံရေးပါတီတွေ ကိုကိုးကျွန်းကို သွားရောက်ပြီး မဲဆွယ်စည်းရုံးဖို့အတွက် လိုအပ်ချက်တွေကို စီစဉ်ပေးဖို့ နိုင်ငံတော်အစိုးရဆီကို စာရေးသားတင်ပြလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက RFA ကို ပြောပါတယ်။

ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

နိုင်ငံရေးပါတီတွေ ကိုကိုးကျွန်းကို သွားရောက်ပြီး မဲဆွယ်စည်းရုံးဖို့အတွက် လိုအပ်ချက်တွေကို စီစဉ်ပေး ဖို့ နိုင်ငံတော်အစိုးရဆီကို စာရေးသားတင်ပြလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက RFA ကို ပြောပါတယ်။

RFA နဲ့ မနေ့ ညနေပိုင်းက သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးက အခုလိုပြော တာဖြစ်ပါတယ်။

"အခုပဲ ကျနော်စာရေးပါတယ် မလွဲမသွေ ခင်ဗျားတို့ ကိုကိုးကျွန်းသွားနိုင်အောင်လို့ လေယာဉ်ရော ရေ ယာဉ်ရော စီစဉ်ပေးပါလို့ အစိုးရကို ကျနော်စာရေးပါတယ်၊  ယခင်ကတော့ ရန်ကုန်တိုင်း အစိုးရ ကို ရေးဖူးပါတယ်၊ အခုကတော့ ကျနော် အစိုးရကိုရေးပါပြီ၊ သက်ဆိုင်ရာ ပို့ဆောင်ရေးဝန်ကြီးဌာနကို မိတ္တူပို့ပြီးတော့ ကျနော်ရေးတယ်၊ အချို့ကလည်း ဂျာနယ်ထဲမှာ ကျနော်ဖတ်မိတာလေး ရန်ကုန်မြို့မှာ ပါတီငယ်လေးတွေက စည်းရုံးခွင့်မရသေးဘူး၊ ပါတီကြီးတွေပဲ စည်းရုံးတယ် ဆိုတဲ့အခါကျတော့ ဒီပါတီတွေလည်း စည်းရုံးခွင့်ရအောင် ကျနော်ပေးရမယ်လေ"

ဒါ့အပြင် ဦးတင်အေးက လောလောဆယ်မှာ ပါတီတွေ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးရာမှာ တစ်ပါတီနဲ့ တစ်ပါတီ ပုတ်ခတ်ပြောဆိုနေကြတာတွေကို ရှောင်ကြဉ်ဖို့လည်း သတိပေးလိုက်ပါတယ်။

ရွေးကောက်ပွဲအပြီး အနိုင်ရတဲ့ပါတီက တိုင်းပြည်ကို ဦးဆောင်မှာဖြစ်ပြီး ကျန်တဲ့ပါတီက အတိုက်အခံအဖြစ် အပြုသဘော ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း၊ မဲပေးခွင့်ရှိသူစာရင်းတွေ မှန်ကန်ဖို့အတွက်လည်း တတ်နိုင်သလောက် ဆောင်ရွက်နေကြောင်း ဦးတင်အေးက ပြောပါတယ်။

ကော်မရှင် ဥက္ကဌ ဦးတင်အေးကို RFA  ဦးခင်မောင်စိုး က တွေ့ဆုံမေးမြန်းထားတာ (ပထမပိုင်း)ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org