ကိုပါကြီး ရုပ်အလောင်း မှုခင်းဆေးပညာပါမောက္ခ ဦးဆောင်စစ်ဆေးမည်
2014.11.04

အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို တူးဖော်ပြီး ရင် ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့ပေးထားတဲ့ မှုခင်းဆေးပညာ ပါမောက္ခဆရာဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က ဘယ်လိုသေဆုံးခဲ့သလဲဆိုတာကို စစ်ဆေးသွားမယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင်က ပြောပါတယ်။
ကိုပါကြီးအလောင်းကို မြုှပ်ထားတဲ့ ကျိုက်မရောမြို့ အနီးက ရွှေဝါချောင်းကျေးရွာမှာ မနက်ဖြန်မှာ တူးဖော်မယ်လို့ မော်လမြိုင်မြို့ကိုရောက်နေ တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က RFA ကို ပြောပါတယ်။
"မှှုခင်းဆရာဝန်အဖွဲ့ရှိပါတယ် သူကတစ်ယောက် တည်းတောင် မဟုတ်ဘူး အဖွဲ့နဲ့ ဖွဲ့ထားတာဖြစ်ပါ တယ်၊ ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့ပေးထားတဲ့အဖွဲ့နဲ့ သူတို့စစ်မှာဖြစ်ပါတယ်၊ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနပေါ့နော်၊ အဖွဲ့ဖွဲ့ထားတယ်လို့ ပြောပါတယ်၊ မှှုခင်းဆေးပညာ ပါမောက္ခ တစ်ယောက်တောင် ပါတယ်လို့ကြားတယ်၊ ဒီလိုမျိုးတွေ့ရှိဖို့က ကျနော်တို့ အတိအကျမပြောနိုင်သေးဘူး၊ ကျနော်တို့ စုနေတုန်းပဲ၊ ကျနော်တို့က လိုတဲ့ရွာသားတွေ အုပ်ချုပ်ရေးပိုင်းတွေ၊ ရဲတွေပါ၊ တပ်မတော်တွေ အကုန်လုံးမပြီးသေးသေးဘူးခင်ဗျ၊ စစ်လို့ မပြည့်စုံသေးဘူး"
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဟာ မော်လမြိုင်မြို့ကို နိုဝင်ဘာလ ၁ ရက်နေ့က ရောက်ရှိခဲ့ပြီး ကျိုက်မရောမြို့အခြေစိုက် ခ.လ.ရ ၂ဝ၈ တပ်က တပ်မတော်သားတွေနဲ့ အခင်းဖြစ်ပွားရာနေရာအနီးက ရွှေဝါချောင်း၊ မိတုံ စတဲ့ရွာတွေက ရွာသားတွေကိုလည်း ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။
ကိုပါကြီးဟာ တစ်လနီးပါးအကြာ ပျောက်ဆုံးနေခဲ့ရာကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် အမှတ် ၂ဝ၈ ခြေမြန်တပ်ရင်းက သူ့ကိုထိန်းသိမ်းထားစဉ်မှာ သေနတ်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် အသေဖမ်းဆီးမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။