ကိုပါကြီး သတ်ဖြတ်ခံရမှု ၄၆ ဖွဲ့ တိုင်ကြားမည်
အလွတ်တန်းသတင်းထောက် ကိုပါကြီး အသတ်ခံရတာနဲ့ ပတ်သက်ပြီး တပ်မတော် က ထုတ်ပြန်ချက်မှာပါတဲ့ အချက်တွေဟာ အဖြစ်မှန်နဲ့ ကွာဟထောက်ပြဝေဖန်စရာတွေ ရှိနေ တာကြောင့် အဖြစ်မှန်ပေါ်ပေါက်ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားသွားမယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်း ၄၆ ဖွဲ့ ပါဝင်တဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
-
2014-10-29 -
-
-
Your browser doesn’t support HTML5 audio
အလွတ်တန်းသတင်းထောက် ကိုပါကြီး အသတ်ခံရတာ နဲ့ ပတ်သက်ပြီး တပ်မတော်က ထုတ်ပြန်ချက်မှာပါတဲ့ အချက်တွေဟာ အဖြစ်မှန်နဲ့ ကွာဟထောက်ပြဝေဖန် စရာတွေ ရှိနေတာကြောင့် အဖြစ်မှန်ပေါ်ပေါက် ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားသွားမယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်း ၄၆ ဖွဲ့ ပါဝင်တဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရုံးမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောကြားခဲ့တာပါ။
"ဒီသတင်းထုတ်ပြန်ချက်က အဖြစ်မှန်နဲ့ ကွာဟနေတာတွေ၊ သတင်းထုတ်ပြန်ချက်မှာတင် တစ်ခုနဲ့တစ်ခု ကျနော်တို့ ထောက်ပြဝေဖန်စရာတွေ အမြောက်အများရှိနေတဲ့အတွက်ကြောင့် ဒီအဖြစ်မှန် ကို ပေါ်ပေါက်ဖို့အတွက်ကို ကျနော်တို့ ဆက်လက်ကြိုးပမ်းသွားပါမယ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ကိုလည်း ကျနော်တို့ တိုင်တန်းပြီးတော့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ စုံစမ်းစစ်ဆေးဖို့ ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
ကိုပါကြီဟာ တပ်မတော်က ထုတ်ပြန်ထားတဲ့ KKO ခေါ် ကလို့ထူးဘောအဖွဲ့က ပြန်ကြားရေးတာဝန်ခံဆိုတာ မဟုတ်ဘဲ အလွတ်တန်းသတင်းထောက် တစ်ယောက်သာဖြစ်ကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က ကျိုက်မရောမြို့မ ရဲစခန်းမှာ ၁၁/၂၀၁၄ နဲ့ သေမှုသေခင်းဖွင့်ပြီး တိုင်းကြားခဲ့တယ်လို့ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာက ပြောပါတယ်။
ဒီအတောအတွင်း အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုကို အမှုမှန်ဖေါ်ထုတ်ပေးဖို့အတွက် မြင်းခြံမြို့မှာ ဒီနေ့ညနေ ၅ နာရီကျော်လောက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဖြိုးဟန်က အခုလိုပြောပါတယ်။
"ကိုပါကြီးကိစ္စ ဆန္ဒပြတာ ဒီနေ့ညနေ ၅ နာရီခွဲကစတယ်၊ လူအင်အားက ၂ဝဝ လောက်ရှိတယ်ခင်ဗျ၊ အဓိကကတော့ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားဥပဒေ လုံခြုံမှုမရှိတာ တောင်းဆိုတာပါ၊ ဘုရားမှာ ဝတ်ပြုဆုတောင်းပြီးတော့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ဟောပြောပွဲနဲ့ ပြန်သိမ်းပါတယ်"
သတင်းထောက်ကိုပါကြီးကို သတ်ဖြတ်ခံရမှုမှာပါဝင်တဲ့တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေး ဖို့ တောင်းဆိုကြသလို၊ ကိုပါကြီးအတွက် ဘုရားမှာဆုတောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။ အလားတူ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာလဲ ဒီနေ့ညမှာ ကိုပါကြီးအတွက်ဆုတောင်းပွဲကျင်းပကြမယ်လို့သိရပါတယ်။
တချိန်တည်းမှာဘဲ အလွတ်သတင်းထောက်ကိုပါကြီး အသတ်ခံရမှုကို အမှုမှန်ဖေါ်ထုတ်ပေးဖို့အတွက် ပဲခူးတိုင်း အနောက်ခြမ်းမြို့နယ်တွေက တရားမျှတမှုလိုလားသူတွေစုပေါင်းပြီး ပြည်မြို့မှာ မနေ့က ၂၉ ရက် မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ပြည်မြို့ဆန္ဒပြပွဲမှာ ပေါင်းတည်၊ နတ္တလင်း၊ရွှေတောင်၊ပေါက်ခေါင်း၊မှော်ဇာ၊ပေါင်းတလည်၊ ပန်းတောင်း၊ဥသျှစ်ပင်၊သဲကုန်းမြို့က တက်ကြွလှုပ်ရှားသူတွေ ဒီမိုကရေစီအင်အားစုတွေ၊ အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့ ပြည်မြို့ Generation Wave အဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြပါတယ်။
ရန်ကုန်မြို့ ၈၈ မျိုးဆက်ရုံးခန်းမှာ ကျင်းပခဲ့တဲ့ ကိုပါကြီးသေဆုံးမှု သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။