ရွေးကောက်အပြီး အစိုးရသစ်နှင့် စီးပွားရေးလုပ်ဖို့ တောင်ကိုရီးယားပြင်ဆင်

တောင်ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆွေးနွေးပွဲတရပ်ကို စက်တင်ဘာ ၂၈ ရက်နေ့ စစ်အစိုးရ နေပြည်တော်မှာ ကျင်းပသွားဖို့ ရှိကြောင်း ကိုရီးယားဘာသာနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ထုတ်ဝေတဲ့ ဂျိုဆွန်းသတင်းစာမှာ စက်တင်ဘာ ၂၃ ရက် ဒီကနေ့ ရေးသား ဖော်ပြလိုက်ပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့ ဖြစ်သော ၂၀ဝ၉ ဩဂုတ်လ ၈ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ မြန်မာ စစ်အစိုးရ သံရုံးရှေ့တွင် ေြွကးကြော် ဆန္ဒပြနေသော မြန်မာ တိုင်းရင်းသားများ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)
အဲဒီဆွေးနွေးပွဲကနေ မြန်မာနိုင်ငံ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမဲ့ အစိုးရသစ်နဲ့ တောင်ကိုရီးယားကုမ္ပဏီတွေ ဘယ်လိုပူးပေါင်း ဆောင်ရွက်သွားမလဲ ဆိုတဲ့ကိစ္စကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဂျိုဆွန်းသတင်းစာမှာ ရေးသားထားကြောင်း ပူချွန်းမြို့အခြေစိုက် NLD-LA အဖွဲ့ဝင် ကိုဇော်မိုးအောင်က RFA ကို ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲကို လာမဲ့ စက်တင်ဘာ ၂၈ ရက်မှာ နေပြည်တော်က သင်္ဂဟာ ဟိုတယ်မှာ ကျင်းပမှာ ဖြစ်ပြီး စစ်အစိုးရအဖြစ်မှ အရပ်သား အစိုးရအဖြစ် ပြောင်းလဲသွားတဲ့ အစိုးရသစ်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ စီးပွားရေးအရ ဘယ်လို ပူးပေါင်းသွားမယ်ဆိုတာကို ဆွေးနွေးမယ်လို့ ယူဆကြောင်း ကိုဇော်မိုးအောင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်တာကြောင့် ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးကလည်း သူတို့နိုင်ငံက သတင်းစာမှာ လှုံ့ဆော်ရေးသားမှုတွေ ရှိကြောင်း ကိုဇော်မိုးအောင်က ပြောပါတယ်၊

အဓိကအနေနဲ့ မြန်မာနိုင်ငံက ရေနံထွက်ပစ္စည်း၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး၊ သစ်ထုတ်လုပ်ရေး၊ မြေပေါ်မြေအောက် သယံဇာတ တူးဖော်ရေးကိစ္စတွေမှာ တောင်ကိုရီးယားက အထူး စိတ်ဝင်စားကြောင်း RFA ကို သူက ပြောပြပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ စစ်အစိုးရ နေပြည်တော်မှာ ကျင်းပမဲ့ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကို စစ်အစိုးရ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးသာနဲ့ အဖွဲ့က တက်ရောက်မှာ ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံဖက်ကတော့ ကုလသမဂ္ဂ အာရှနဲ့ပိစိဖိတ် စီးပွားရေးကော်မရှင် အတွင်းရေးမှူးဟောင်း ကင်မ်ဟတ်ဆု၊ ဆိုးလ်တက္ကသိုလ်ပါမောက္ခ ဟာယောဆန် ၊ ယိဟွာအမျိုးသမီးတက္ကသိုလ် ပါမောက္ခ ဂျိုဒုန်းဟိုတို့ တက်ရောက်ဖို့ ရှိကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org