တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်ရွှေ့ဆိုင်း

မြန်မာနိုင်ငံကို ဩဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်နေ့ထိ ၃ ရက်ကြာ လာရောက် လည်ပတ်ဖို့ ရှိတဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာ ရှင်ကက်ဆူးရဲ့ မြန်မာပြည် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာလင်းက RFA မြန်မာဌာနကို အတည်ပြု ပြောဆိုပါတယ်။

တောင်ကိုရီးယား ဒုဝန်ကြီး မစ္စတာ ရှင်ကက်ဆူးရဲ့ မြန်မာပြည်ခရီးစဉ်ကို နောက်ဆုတ်ပေးဖို့ မြန်မာအစိုးရ အာဏာပိုင်တွေက တောင်ကိုရီးယား အစိုးရကို မေတ္တာရပ်ခံလာတာကြောင့် လောလောဆယ်မှာ ခရီးစဉ် ဖျက်သိမ်းလိုက်ရတယ်လို့ မစ္စတာလင်းက ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်အစိုးရဖက်ကတော့ ပြည်တွင်းမှာ အရေးကြီးတဲ့ လုပ်ဆောင်စရာတွေ ပေါ်ပေါက်နေလို့ တောင်ကိုရီးယား ဒုဝန်ကြီးရဲ့ ခရီးစဉ်ကို အခုလို ရွှေ့ဆိုင်းရတာပါဆိုပြီး အကြောင်းပြချက် ပေးခဲ့တယ်လို့လည်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org