စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ကလေးတွေ သေဆုံးဒဏ်ရာရတာကို KSCC ကန့်ကွက်ရှုတ်ချ

ဒေါဆီအီရွာက မူကြိုကျောင်းနဲ့ အလယ်တန်းစာသင်ကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ KSCC က ပြောပါတယ်။

ဒီးမော့ဆိုမြိုနယ် ဒေါဆီအီရွာမှ လေကြောင်းတိုက်ခိုက်ခံရသည့် စာသင်ကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။ CITIZEN JOURNALIST

ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆီအီရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် လေးဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ဖေဖော်ဝါရီ ၅ ရက်နေ့ညမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့မနက် ၁၀ နာရီကျော်က ဒေါဆီအီရွာက မူကြိုကျောင်းနဲ့ အလယ်တန်း စာသင်ကျောင်း နှစ်ကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ သေဆုံးဒဏ်ရာရခဲ့ကြောင်း KSCC က ပြောပါတယ်။

ဒေါဆီအီရွာကို တိုက်ခိုက်အပြီးမှာ လွိုင်နန်းဖရွာကိုလည်း ဆက်လက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းဆရာမ နှစ်ဦးနဲ့ အမျိုးသား တစ်ဦးသေဆုံးခဲ့တဲ့အပြင် အရပ်သား ငါးဦးထက်မနည်း ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကျေးရွာဘုရားကျောင်းနဲ့ ဆေးပေးခန်းအပါအဝင် စစ်ဘေးဒုက္ခသည်တွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း KSCC က ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့နေရာဟာ ဒေသခံအရပ်သားပြည်သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ နေတဲ့နေရာဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် သေဆုံးသွားရတဲ့ ကလေးငယ်တွေ၊ ပညာရေးတာဝန်ထမ်းဆောင်နေသူတွေနဲ့ အရပ်သားပြည်သူတွေအတွက် များစွာဝမ်းနည်းရတယ်လို့ KSCC က ပြောပါတယ်။

KSCC ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေမှာတော့ ဒီးမော့ဆိုမြို့နယ်ကို ဖေဖော်ဝါရီ ၅ ရက်နေ့မနက်က လေကြောင်းသုံး တိုက်ခိုက်ခဲ့တာမရှိကြောင်းနဲ့ လေကြောင်းတိုက်ခိုက်လို့ ကလေးတွေ သေဆုံးရတယ်ဆိုတာဟာ သတင်းတု သတင်းမှားသာဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့ညက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ သုံးနှစ်အတွင်း ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အရပ်သား ၄၅၇ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ဘေးရှောင်ရင်း သေဆုံးရသူ ၁၄၉ ဦးပါဝင်ပြီး ကျန်တဲ့သူတွေက စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေကြောင့်လို့ PKPF က ဆိုပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာရေးအဆောက် အအုံ ၄၈ လုံး၊ ဆေးရုံ ဆေးခန်း ၁၄ လုံး၊ စာသင်ကျောင်း ၂၂ လုံးနဲ့ လူနေအိမ် ၂၃၇၅ လုံး ပျက်စီးခဲ့ရတယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org