ကယားမှာ စစ်ကောင်စီရဲ့ လုပ်ငန်းတွေရပ်တန့်ရေး KSCC ကြိုးပမ်း
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ ပြည်သူ့ တော်လှန်ရေး နောက်အဆင့်တစ်ခုအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ ရပ်တန့်ရေးကို ကြိုးပမ်းနေတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တာဝန်ရှိသူတွေက ပြောပါတယ်။
-
တင်အောင်ခိုင် (ဝါရှင်တန် ဒီစီ)
2021-09-20 -
-
-
ကယားပြည်နယ်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ ဒေသခံ ပြည်သူတွေ တိုက်ပွဲဝင်နေချိန် ဒေသတွင်းက စစ်ကောင်စီရဲ့ လုပ်ငန်းတွေ ရပ်တန့်ရေးကိုပါ ကြိုးပမ်းနေတယ် လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က RFA ကို ပြောပါတယ်။
(KSCC) ဟာ ပြည်နယ်အတွင်းက ၂၀၂၀ ရွေးကောက်ခံ အမတ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ လူငယ်နဲ့ အမျိုးသမီး အဖွဲ့အစည်းတွေ၊ တတ်သိပညာရှင်တွေ စုစည်းပြီး ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခု ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ယန္တရားကို ဖြုတ်ချဖို့ အခုလို ကြိုးပမ်းနေတာလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ (KSCC) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အဓိကတော့ စစ်ကောင်စီရဲ့ ယန္တရားတွေကို ရပ်နိုင်ဖို့ စစ်ကောင်စီနဲ့ မတွဲဖို့ နောက်ပိုင်းတော့ တခြားသော ယန္တရားတွေကိုလည်း လိုအပ်ရင် လိုအပ်သလို ဆက်လက်ပြီး စစ်ကောင်စီ ပြုတ်ကျဖို့အရေးအတွက် ကျမတို့ လိုအပ်ရင် လိုအပ်သလို ဆက်လက်ပြီးတော့ ထုတ်ပြန်မှုတွေ လုပ်သွားမှာပေါ့နော်။ ဒါကလည်း မြေပြင် အခြေအနေနဲ့ တကယ် လိုအပ်မှသာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေရဲ့ စားဝတ်နေရေး လည်း ရှိသေးတဲ့ဟာကို ကျမတို့ နားလည်တယ်။ ဒါပေမဲ့ ဒီစစ်ယန္တရားကို အားပေးတဲ့အပြင် ကျမတို့ရဲ့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အစုအဖွဲ့ တွေရဲ့ လုံခြုံရေးဆိုင်ရာတွေအတွက်လည်း ကျမတို့က အဲဒီအပေါ်မှာ ခြုံပြီးတော့မှ ထုတ်ပြန်မှုတွေ လုပ်သွားမှာပါ"
ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ကလည်း ကရင်နီပြည်နယ်အတွင်းက လုပ်ငန်းရှင်တွေအနေနဲ့ စစ်ကောင်စီ ကို အထောက်အကူပြုစေတဲ့ ဘယ်လုပ်ငန်းမဆို ပူးပေါင်းဆောင်ရွက်နေတာတွေရှိရင် ချက်ချင်းရပ်တန့်ဖို့ (KSCC) က ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကို လိုက်နာအောင် လိုက်လံစစ်ဆေးတာတွေ၊ အရေးယူ ဆောင်ရွက်တာတွေ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ ဘယ်အချိန်မှာ ကွင်းဆင်းစစ်ဆေးမယ်ဆိုတာကိုတော့ (KSCC) က မပြောပါဘူး။
အမည်မဖော်လိုတဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တာဝန်ရှိသူ တစ်ဦးကလည်း စစ်ကောင်စီကို အကျိုးဖြစ်စေတဲ့ ဘယ်လုပ်ငန်းကိုမဆို လုပ်ငန်းလည်ပတ်ခွင့်မရအောင် လုပ်သွားမယ်လို့ ပြောပါတယ်။
"ကျနော်တို့ အဲဒါကတော့ KSCC ရဲ့လုပ်ငန်းထဲမှာ ပါတာပေါ့နော်။ ဆိုတော့ အဓိကကတော့ ဒီတစ်လ၊ နှစ်လ အတွင်းမှာ ကျနော်တို့ မည်သည့် လုပ်ငန်းကိုမှ လည်ပတ်ခွင့် ကျနော်တို့ မပေးထားပါဘူး။ ဒီတော့ ဟိုးစောစောတုန်းက စစ်ကောင်စီအတွက် အကျိုးဖြစ်စေမယ့် မည်သည့်လုပ်ငန်းမျိုးကိုမဆို ကျနော်တို့ သတိပေးတဲ့အနေနဲ့ ထုတ်ပြန်လိုက်တာ။ ဆိုတော့ ကျနော်တို့ သတိပေးတဲ့အတိုင်းပဲ ဆက်ပြီးတော့ လုပ်ဆောင်နေဦးမယ်ဆိုရင်တော့ ကျနော်တို့ ကိုင်တွယ် ဖြေရှင်းရလိမ့်မယ်ပေါ့။ လိုအပ်တဲ့ အုပ်ချုပ်ရေး ယန္တရား အစားထိုးတဲ့ကိစ္စကိုတော့ ကြီးကြပ် လမ်းညွှန်သွားမှာပေါ့လေ"
အခုလိုကြိုးပမ်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ပြည်သူတွေရဲ့စားဝတ်နေရေးမှာ အခက်အခဲ ရှိလာနိုင်ပေမယ့် အခုလက်ရှိမှာ အာဏာရှင် ပြုတ်ကျရေးသာ အဓိကဖြစ်နေလို့ ကျန်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုတော့ နောက်တစ်ဆင့်အနေနဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ ကယားပြည်နယ် အတွင်း ဆောင်ရွက်နေတဲ့ တင်ဒါလုပ်ငန်းတွေဟာ ယခင် NLD အစိုးရလက်ထက်က လက်ကျန်လုပ်ငန်းတွေပဲ ဖြစ်ပြီးတော့ စစ်ကောင်စီလက်ထက်မှာ လုပ်ငန်းအသစ် မရှိသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
"နိုင်ငံရေးအခြေအနေအရ ကုမ္မဏီတွေဘက်ကလည်း လုပ်ငန်းရှင်တွေဘက်ကလည်း အရှုံးခံပြီး ရပ်ထားရတာတွေပေါ့"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသတွင်း ဆောက်လုပ်ရေးကုမ္မဏီတစ်ခုရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေအရ လက်ကျန်လုပ်ငန်းတွေကိုပါ ရပ်ထားရတယ်လို့ ပြောပါတယ်။
"အခု ကျနော်တို့တွေ့နေရတဲ့ တင်ဒါလုပ်ငန်းတွေက အရင် အစိုးရလက်ထက်က စီမံကိန်း လက်ကျန်တွေပဲ ပေါ့။ ဒီစစ်ကောင်စီလက်ထက် မရှိပါဘူး။ ဒါပေမဲ့ အခုတော့ အားလုံးရပ်ထားလိုက်တာ တွေ့ရတယ်။ ဒီ တွေ့နေရတဲ့ လမ်းတံတားဆောက်လုပ်ရေးနဲ့ ရေပေးဝေရေးလုပ်ငန်းတွေက လုပ်ငန်းပြီးစီးဖို့ဆိုရင် ၂၅ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ ဒါကတော့ နိုင်ငံရေးအခြေအနေအရ ကုမ္မဏီတွေဘက်ကလည်း လုပ်ငန်းရှင်တွေဘက်ကလည်း အရှုံးခံပြီး ရပ်ထားရတာတွေပေါ့"
ဒေသခံအချို့ကလည်း ပြည်နယ်အတွင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်မလုပ်နိုင်တော့ရင် ပြည်သူ့ ဘတ်ဂျက် ထိခိုက်နိုင်ပေမယ့် တစ်ဘက်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ဘယ်လုပ်ငန်းမှ အောင်မြင်မှာ မဟုတ်သလို တိုက်ပွဲကြောင့် ဆုံးရှုံးမှုတွေပဲ ရှိလာနိုင်တယ်လို့ ပြောကြပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုဖြစ်တဲ့ ဒီမော့ဆိုမြို့နယ်၊ ဒေါကလိုးခူကျေးရွာအနီးမှာရှိတဲ့ နယ်သာလန် နိုင်ငံအခြေစိုက် De Heus Myanmar Co.,ltd ကုမ္ပဏီရဲ့ ဝက်မွေးမြူရေးစီမံကိန်း စက်ရုံဟာ ဆိုရင် ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့နောက်ပိုင်း တိုက်ပွဲတွေကြောင့် ဝန်ထမ်းတွေ ဘေးလွတ်ရာကို ထွက်ပြေး ခဲ့ကြရတဲ့အတွက် ဝက်တွေ အစာရေစာငတ်ပြီး ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။
လက်ရှိမှာ အခြေအနေအရပ်ရပ်ကြောင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေကို ကုမ္ပဏီတွေက ရပ်ထားပေမယ့် စစ်ကောင်စီရဲ့ ကြီးကြပ်မှုအောက်မှာရှိတဲ့ သတ္တုသန့်စင်ရေးလုပ်ငန်းတွေနဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေလို အခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအချို့ကတော့ လည်ပတ်နေတုန်းပါ။
ကယားပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၂၇ ခုအထဲက ၆ ခုကိုပဲ ဆက်လက် အကောင်အထည်ဖော်နိုင်ပြီး အများစုကတော့ ရပ်တန့် ထားရတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ပြောပါတယ်။
"ဒီလက်ရှိကတော့ အာဏာသိမ်းတဲ့အတွက်ကြောင့်မိုလို့တော့ နိုင်ငံရေးအခြေအနေ ရှုပ်ထွေးမှု ဖြစ်နေတဲ့ အချိန်ကျတော့ လုပ်ငန်းတွေကတော့ လက်ရှိအနေအထားကတော့ အားလုံးနီးပါးကတော့ ရပ်တန့် နေပါတယ်''
ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ခုနှစ်အတွင်း ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တန်ဖိုးက အမေရိကန်ဒေါ်လာ ၃.၁၈ သန်းအထိ ရှိခဲ့ပြီးတော့ ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုကတော့ ကျပ်သန်းပေါင်း ၁၅၂၅၀.၀၀ ရှိခဲ့တယ်လို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ အင်တာနက် ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။ အခုရပ်တန့်ထားရတဲ့ လုပ်ငန်းတွေနဲ့ အခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အသေးစိတ်ကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၈ ရက်နေ့အထိ ကယားပြည်နယ်မှာ တိုက်ပွဲပေါင်း ၇၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ပြည်သူတွေဘက်က သေဆုံးသူ ၉၃ ဦးနဲ့ ဖမ်းဆီးခံရသူ ၁၂၄ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီကာလအတွင်း နေအိမ်ပေါင်း ၂၅၀ ကျော် ပျက်စီးခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) ရဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက် အရ ကယားပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အခုလအတွင်း လူပေါင်း ၂၂,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။