စစ်ကောင်စီလုပ်နေတဲ့ သတ္တုမိုင်းတွင်းကို ကော်သူးလေတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

ထားဝယ်မြို့နယ်၊ ဖွတ်လက်တိုရွာချောင်းဖျားမှာရှိတဲ့ သံသတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KTLA ဆာကဆောတပ်မရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကိုပြောပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ သံသတ္တုမိုင်းလုပ်ငန်းခွင်အား ၂ဝ၂၃ ခုနှစ်‌ အောက်တိုဘာလ ၇ ရက်နေ့က ကော်သူးလေတပ်မတော် (KTLA)မှ မီးရှို့ဖျက်ဆီးခဲ့စဉ်။ KTLA

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဖွတ်လက်တိုရွာချောင်းဖျားမှာရှိတဲ့ သံသတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကော်သူးလေတပ်မတော် (KTLA)၊ ဆာကဆောတပ်မရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းက အောက်တိုဘာလ ၉ ရက်နေ့က RFA ကိုပြောပါတယ်။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ဟိန္ဒားကျေးရွာအုပ်စုမှာရှိတဲ့ အဲဒီ သံသတ္တုမိုင်းလုပ်ငန်းခွင်ကို အောက်တိုဘာလ ၇ ရက်နေ့က ကော်သူးလေတပ်မတော် (KTLA) တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မိုင်းတွင်းက ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ ဖြေဆိုနိုင်ခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။

“စစ်ကောင်စီရယ် တရုတ်ကုမ္ပဏီနဲ့ ပေါင်းပြီးလုပ်တာပေါ့။ တပ်မဟာ ၄ နယ်မြေမှာ ဖြစ်တဲ့အတွက် တပ်မဟာ ၄ က အခွန်ကောက်တယ်လို့ သိရတယ်။ အခွန်ကောက်တာကတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ စစ်ကောင်စီနဲ့ ပတ်သက်တာကို တိုက်ခိုက်တာပေါ့။ လုပ်သင့်တယ်လို့ ထင်လို့ လုပ်တာပေါ့။ တခြားဘယ်အဖွဲ့အစည်းကိုမှ ရည်ရွယ်ခြင်း မရှိဘူး”

အဲဒီမိုင်းလုပ်ကွက်နဲ့ ပတ်သက်ပြီး မေးမြန်းဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

KNU ရဲ့ ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာကတော့ အဲဒီလုပ်ကွက်ဟာ KNU နဲ့ သက်ဆိုင်မှုမရှိသလို ဒီလုပ်ငန်းကနေ KNU က ဘာအကျိူးအမြတ်မှ ရတာမရှိဘူးလို့ ကရင်သတင်းဌာနတစ်ခုဖြစ်တဲ့ KIC သတင်းမှာ ပြောထားပါတယ်။

အရပ်သားတွေက ဖိုးလမိုင်းလို့ ခေါ်ကြတဲ့ အဲဒီကုမ္ပဏီက ဝန်ထမ်းတွေကတော့ လုပ်ကွက်ထဲမှာ မရှိတော့ဘဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ လုပ်ငန်းရပ်နားထားတာ ဖြစ်ပြီး အဲဒီနောက်မှာတော့ လက်လုပ်လက်စား သတ္တုလုပ်ကိုင်တဲ့ ဒေသခံတချို့ သွားရောက်လုပ်ကိုင်မှုရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဒီကနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လကလည်း ထားဝယ်မြို့နယ်၊ ဖောင်းတောရွာက ရေအားလျှပ်စစ် စီမံကိန်းဟောင်းမှာလည်း မီးရှို့ဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org