ကွတ်ခိုင်မှာ တိုက်ပွဲဆက်ဖြစ်၊ ရွာသားတွေ ထွက်ပြေးနေရ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အထွက် ရပ်ကွက် ၈ နဲ့ ဟွေခုတ်မန်ထန်ရွာတွေဘက်မှာ စက်တင်ဘာလ ၂ ရက် မနေ့ကညနေပိုင်းမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ နေအိမ်အဆောက်အဦး တချို့ ပျက်စီးခဲ့သလို ရွာသားတစ်ရာကျော်လည်း ထွက်ပြေးခဲ့ရပါတယ်။
-
2019-09-03 -

မနေ့ကညနေပိုင်းမှာ တပ်မတော်ဘက်က ရဟတ်ယာဉ် နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဟွေခုတ်ရွာက နေအိမ်တစ်လုံးပျက်စီးခဲ့သလို ရွာဘုန်းကြီးကျောင်းလည်း အနည်းငယ်ပျက်စီးသွားခဲ့တယ်လို့ ကျေးရွာဆရာတော်က မိန့်ပါတယ်။ အဲဒီပစ်ခတ်မှုတွေကြောင့် ဟွေခုတ်မန် ထန်ကျေးရွာသား နှစ်ရာကျော်ဟာ ကွတ်ခိုင်မြို့ မဟာစည်ကျောင်းကို ထွက်ပြေးခိုလှုံနေကြရပါတယ်။
မနေ့က တပ်မတော်က ရဟတ်ယာဉ်သုံးပြီး မြောက်ပိုင်း သုံးဖွဲ့ကို တိုက်ခိုက်ခဲ့ပေမယ့်လည်း နေအိမ်အဆောက် အဦးတွေ ထိခိုက်တာမျိုးတော့ မရှိခဲ့ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
ဒီကနေ့မှာတော့ ကွတ်ခိုင်မြို့ပေါ်မှာ တည်ငြိမ်နေပြီး ဈေးဆိုင်တွေလည်း ပုံမှန်ပြန်ဖွင့်နေသလို ခရီးသွားတွေလည်း ပုံမှန်သွားလာနေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ရှမ်းပြည်မြောက်ပိုင်းဘက်မှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတာတွေရှိခဲ့ပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့မနက်ပိုင်းက ကွတ်ခိုင်မြို့ မော်ဟစ်စုစည်းကျေးရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျည် ကျရောက်ခဲ့လို့ လသားအရွယ်ကလေးငယ်တစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။
(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)