ကွတ်ခိုင်ဆေးရုံအုပ် သေနတ်နဲ့ အပစ်ခံရလို့ သေဆုံး
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင် ဟာ ဒီဇင်ဘာ ၁၄ ရက် မနေ့ညက အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။
- 2021-12-15
-
-
-
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်ဟာ ဒီဇင်ဘာ ၁၄ ရက် မနေ့ညက အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။
မနေ့က မုံးစီးမြို့ကို ကာကွယ်ဆေးထိုးတဲ့ကိစ္စနဲ့ သွားပြီးအပြန် ည ၇ နာရီလောက်မှာ ကွတ်ခိုင်မြို့နယ် ရပ်ကွက် ၇ နဲ့ နောင်ချိုရွာကြားမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာလို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
အဲဒီလက်နက်ကိုင်အဖွဲ့က ဒေါက်တာ ဝင့်ဝင့်မြိုင် စီးလာတဲ့ကားကို တားထားပြီး ကားပေါ်ပါလာသူတွေကို လာလမ်းအတိုင်းပြန်ခိုင်းခဲ့ပြီး နောက်ပိုင်း ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ပြောပါတယ်။
ကွတ်ခိုင်ဆေးရုံအုပ်ဟာ ဒေသအတွင်း ကျန်းမာရေးလုပ်ငန်းတွေနဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ တက် တက်ကြွကြွနဲ့ ဆောင်ရွက်တတ်သလို တစ်ဖက်မှာလည်း အာဏာဖီဆန်ရေး CDM လုပ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဖိအားပေးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ကွတ်ခိုင်မြို့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA၊ တအာင်း ပလောင် လွတ်မြောက်ရေးအဖွဲ့ TNLA၊ ကိုးကန့် တပ်ဖွဲ့ MNDAA တပ်ဖွဲ့တွေအပြင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေလည်း လှုပ်ရှားတဲ့နေရာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေနဲ့ အဲဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ လည်း ရှိပါတယ်။