ကွတ်ခိုင်က တပ်စခန်းနဲ့ ပြည်သူ့စစ်ရုံးခန်း တိုက်ခိုက်ခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းက တပ်မတော်တပ်ရင်းတစ်ခုနဲ့ တာမိုးညဲ ပြည်သူ့စစ်ဌာနေရုံးခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLAနဲ့ ကိုးကန့်အဖွဲ့ MNDAA ပူးပေါင်းအဖွဲ့က RPG လို့ခေါ်တဲ့ ပခုံးထမ်း လောင်ချာတွေနဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်က RFA ကိုပြောပါတယ်။
-
ကံသာ
2020-10-05 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းက တပ်မတော်တပ်ရင်းတစ်ခုနဲ့ တာမိုးညဲ ပြည်သူ့စစ်ဌာနေ ရုံးခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLAနဲ့ ကိုးကန့်အဖွဲ့ MNDAA ပူးပေါင်းအဖွဲ့က RPG လို့ခေါ်တဲ့ ပခုံးထမ်းလောင်ချာတွေနဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်က RFA ကိုပြောပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့ ညနေ လေးနာရီလောက်မှာ တပ်ရဲ့အနောက်ဘက် နမ့်ခုံရွာကနေ လက်နက်ကြီးနဲ့ ပစ်ခဲ့တာဖြစ်ပြီး ည ၁၁နာရီမှာ တာမိုးညဲပြည်သူ့ ဌာနေစစ်ရုံးကိုလည်း ပစ်ခတ်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ဒဏ်ရာရမှုမရှိပေမယ့် တာမိုညဲပြည်သူ့စစ်ဌာနေရုံခန်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
TNLA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လှုပ်ရှားတဲ့ တောတွင်းနေရာတွေ အထိ တပ်မ(၉၉)နဲ့ တပ်မ(၈၈) စစ်ကြောင်းတွေ ထိုးစစ်ဆင် တိုက်ခိုက်လာနေတာကြောင့် စစ်သဘောအရ ကွတ်ခိုင်အခြေစိုက် ခလရ ၄၅ တပ်နဲ့ တာမိုးညဲ မြို့နယ်ခွဲကဌာနေ ပြည်သူ့စစ်စခန်းတွေကို တန်ပြန် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
တပ်မတော်က အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပေမယ့် စက်တင်ဘာလကုန်ပိုင်းကတည်းက စစ်ကြောင်းတွေ ပိုမို တိုးချဲ့လာခဲ့ပြီး TNLA တပ်တွေနဲ့ တိုက်ပွဲ မကြာခဏ ဖြစ်နေတယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
အောက်တိုဘာလ လေးရက်နေ့အထိ တိုက်ပွဲ ခုနှစ်ကြိမ် ဖြစ်ခဲ့ပြီး စစ်ကြောင်းတွေ ထပ်တိုး လာရင် တိုက်ပွဲတွေ ဆက်လက်ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
မြောက်ပိုင်းအဖွဲ့အနေနဲ့လည်း အပစ်ရပ်စဲကြောင်း ကြေညာထားပေမယ့် တပ်မတော်က ထိုးစစ်တွေ ရှိလာရင် တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။