ထားဝယ်မြို့နယ်က စစ်ကောင်စီ ကျောက်ထုတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူ

ထားဝယ်မြို့နယ် ဘန်းချောင်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကျောက်ထုစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဘန်းချောင်းဒေသတွင်ရှိသည့် စစ်ကောင်စီတပ်၏ ကျောက်ထုစခန်းအား ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းယူခဲ့ပြီးနောက် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်တွင် တွေ့ရစဉ်။ Ministry of Defence NUG

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဘန်းချောင်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကျောက်ထုစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ရှစ်ဦး ဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ကရင်အမျိုးအသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေပေါင်းပြီး တနင်္သာရီတိုင်းမှာ ပထမဆုံး စခန်းသိမ်းလိုက်နိုင်တာဖြစ်တယ်လို့ NUG တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ ၃၊ ဒုစစ်ဒေသခွဲမှူး - ၂ ရဲဘော် ဂျူပီတာက ပြောပါတယ်။

ဇန်နဝါရီလ ၂၃ ရက်ကတည်းက ကျောက်ထုတပ်စခန်းကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၂၊ KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၂၇ နဲ့ ထားဝယ်ခရိုင် T1 စစ်ကြောင်း၊ T5 စစ်ကြောင်းနဲ့ ဒေါင်းမင်းစစ်ကြောင်း စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သလို ရှစ်ဦးကို ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခဲ့တယ်လို့ ပြောပါတယ်။

ဒီကျောက်ထုစခန်းသိမ်းဆည်းနိုင်ခဲ့သလို စစ်ကောင်စီဘက်က ရှစ်ဦးဖမ်းမိခဲ့တယ်လို့ KNU တပ်မဟာ ၄ တာဝန်ရှိသူတစ်ဦးကလည်း RFA ကို အတည်ပြုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီ ကျောက်ထုတပ်စခန်းဟာ ၁၉၉၈ ခုနှစ်ကတည်းက စခန်းချ တပ်စွဲထားတဲ့နေရာဖြစ်တယ်လို့လည်း ကရင်တိုင်းရင်းသားသတင်းဌာန Kwe Ka Lu မှာ ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းမှာ ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၄၄,၀၀၀ ကျော်အထိ ရှိတယ်လို့ ဒေသတွင်းအခြေစိုက် သတင်းမီဒီယာသမားတွေနဲ့ သုတေသီတွေ စုဖွဲ့ထားတဲ့ FE5 Tanintharyi ရဲ့ စာရင်းတွေအရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org