ကျောက်ဖြူမှာ တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ညနေပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-02-12 -
-
-
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အူချေ (ခေါ်) ကုလားဘာရွာနဲ့ ငှက်ပျောချောင်းရွာနားမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက် ၈ နာရီခန့်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ညနေပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အားသုံးဆယ်ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အဲဒီရွာနားမှာ ကင်းလှည့်နေချိန် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"တိုက်ပွဲက မနက် ၈ နာရီလောက်က စဖြစ်တာပါ။ ၉ နာရီလောက်မှ ပြီးသွားတယ်။ ကင်းလှည့်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို (AA) က ဖြတ်တိုက်တာပါ။ အကျအဆုံးတွေတော့ ရှိမယ်ထင်ပါတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ တိုက်ပွဲဖြစ်ပြီး မနက်ပိုင်းကတည်းက အခုညနေပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်"
တိုက်ပွဲဖြစ်ပြီးနောက် အမှတ် (၃၂) ရဲတပ်ရင်း၊ မခရ (၅၄၂) စစ်ကောင်စီတပ်ရင်းတောင်ပေါ်နဲ့ ရေတပ်ကပါ အဲဒီရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာလို့ ဆိုပါတယ်။
ဒါကြောင့် ငှက်ပျောချောင်းရွာနဲ့ အူချေ (ခေါ်) ကုလားဘာရွာက ဒေသခံတချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အူချေ (ခေါ်) ကုလားဘာရွာနဲ့ ရွာအနီးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ငါးဦး ဒဏ်ရာရခဲ့ပါတယ်။