ကျောက်ဖြူစီမံကိန်း ၂၀၁၉ ခုနှစ်မှာ စတင် အကောင်အထည်ဖော်မည်
ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့နဲ့ ရေရှည်တည်တန့်တဲ့ စီမံကိန်းတခုဖြစ်ဖို့ ညှိနှိုင်းမှုတွေ အများကြီး ပြုလုပ်ခဲ့ရတယ်လို့ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ ဦးဆက်အောင်က ပြောကြားလိုက်ပါတယ်။
-
2018-11-08 -
-
-
ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့နဲ့ ရေရှည်တည်တန့်တဲ့ စီမံကိန်းတခုဖြစ်ဖို့ ညှိနှိုင်းမှုတွေ အများကြီး ပြုလုပ်ခဲ့ရတယ်လို့ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားလိုက်ပါတယ်။
နေပြည်တော်က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ဒီနေ့ကျင်းပတဲ့ စီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အပိုင်း ၄ ပိုင်းနဲ့ ဆောင်ရွက်မယ့် အဲဒီစီမံကိန်းကို လာမယ့် ၂၀၁၉ ခုနှစ် မှာ စတင်နိုင်မယ်လို့ ရည်မှန်းထားပြီး ကုန်ကျစရိတ်အားလုံးကို Third Party က အသေးစိတ်လေ့လာမှုတွေ ထပ်လုပ်မယ်လို့လည်း သိရပါတယ်။
ဒီကနေ့လက်မှတ်ရေးထိုးတဲ့ တရုတ် CITIC ကုမ္ပဏီဟာ အရင်အစိုးရလက်ထက်ကတည်းက တင်ဒါအောင်မြင်ခဲ့ပေမယ့် ဝေဖန်မှုတွေရှိနေလို့ ကြန့်ကြာခဲ့တာဖြစ်ပါတယ်။
စီမံကိန်းအတွက် တရုတ်နိုင်ငံက မူလက ၈၅ ရာခိုင်နှုန်းပါဝင်ဖို့ ဖြစ်ပေမဲ့ ပြန်လည်ညှိနှိုင်းမှုတွေအရ ၇၀ ရာခိုင်နှုန်းသာ ပါဝင်တော့မှာဖြစ်သလို ပထမအဆင့်အနေနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံနဲ့ စတင်မှာဖြစ်ပါတယ်။
ဒီနေ့လက်မှတ်ရေးထိုးပွဲကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ CITIC ကုမ္ပဏီတာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။