ကျောက်ဖြူစက်မှုဇုန်ဟာ တရုတ်ကို ဦးစားပေး
2014.03.10

ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူစက်မှုဇုန်နဲ့ မီးရထားလမ်း ဖောက်လုပ်နေတဲ့လုပ်ငန်းတွေဟာ တရုတ်နိုင်ငံရဲ့ အကျိုးအမြတ်အတွက် ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကျိုးစီးပွား တိုက်ရိုက်မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
NDF ပါတီက အချက် ၄ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီအထဲမှာ တရုတ်စီမံကိန်းကြောင့် ဒေသခံပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာ ထိခိုက်မှုတွေရှိနေတာကြောင့် အကာအကွယ်ပေးရေးအတွက် နိုင်ငံတော်က စဉ်းစားပေးဖို့ အခုလို ကြေညာချက်ထုတ်ပြန်တာလို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
NDF ပါတီက တောင်းဆိုချက်တွေထဲမှာ တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီလုပ်ငန်းစုနဲ့ မြန်မာအာဏာပိုင်တို့က စီမံကိန်းကို ပြည်သူတွေဆီ ပွင့်လင်းမြင်သာစွာချပြပေးဖို့၊ စီမံကိန်းကြောင့် ပြောင်းရွှေ့ရတဲ့ ပြည်သူတွေနဲ့ ညှိုနိုင်းပေးဖို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေး အစီအမံတွေပါဝင်ဖို့ ဒေသခံတွေရဲ့ လူမှုစီးပွားတွေ မပျက်စီးစေဖို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့တွေ ဖြစ်ပါတယ်။
ဧရိယာစတုရန်း ကီလိုမီတာ ၁၂၀ ကျယ်ဝန်းတဲ့ ကျောက်ဖြူအထူးစက်မှုဇုန်မှာ ရေနံတင်သင်္ဘောကြီးတွေ ဆိုက်ကပ်ရပ်နားနိုင်မယ့် ရေနက်ဆိပ်ကမ်းအဖြစ် ဆောက်လုပ်မှာဖြစ်ပါတယ်။ အဲဒီကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ကီလိုမီတာ ၈၀၀ အရှည်ရှိတဲ့ မီးရထားလမ်းကိုလည်း မြန်မာအစိုးရနဲ့ တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီတို့က စတင်အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ အဲဒီပါတီရဲ့ကြေညာချက် မှာ ဖော်ပြထားပါတယ်။
စီမံကိန်းကြောင့် လတ်တလော ဒေသခံကျေးရွာပေါင်း ၄၀ ကျော် ဖယ်ရှားခံနေရပြီး အဲဒီစီမံကိန်းမှာ ရေနံချက်စက်ရုံတွေ၊ သတ္တုသန့်စင်စက်ရုံတွေ၊ ကားအပိုပစ္စည်းစက်ရုံတွေ တည်ဆောက်မှာ ဖြစ်ပါတယ်။
ဒီအကြောင့်း NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေကို RFA ဦးတင်အောင်ခိုင်က မေးမြန်းထားပါတယ်။