ကျောက်ဖြူရွာသားတစ်ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ခံရ
တပ်မတော်က ဖမ်းဆီးသွားတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စိုင်ခြုံရွာသား နှစ်ဦးထဲက တစ်ဦးကို ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်တယ်ဆိုပြီး အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
-
2020-07-22 -
-
-
တပ်မတော်က ဖမ်းဆီးသွားတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စိုင်ခြုံရွာသားနှစ်ဦးထဲက တစ်ဦးကို ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ မနက်က စိုင်ခြုံကျေးရွာထဲကို ဓညဝတီရေတပ်က တပ်မတော်သားတွေ ဝင်ရောက် စစ်ဆေးခဲ့ပြီး ဖုန်းထဲမှာ မသင်္ကာစရာတွေ့တယ်ဆိုပြီး အသက် ၃၃ နှစ်အရွယ် ကိုထွန်းမင်းစိုးနဲ့ အသက် ၂၀ အရွယ် ကိုဖြိုးဝေအောင်တို့ နှစ်ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။
သူတို့နှစ်ဦးကို စစ်ဆေးရာမှာ ကိုဖြိုးဝေအောင်က AA အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်မှု မရှိတာကြောင့် ဇူလိုင် ၁၅ ရက်နေက ကျောက်ဖြူမြို့မ ရဲစခန်းကနေ မိဘတွေထံကို ပြန်အပ်ခဲ့ပါတယ်။
ကိုထွန်းမင်းစိုးကို စစ်ဆေးရာမှာတော့ AA အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုပြီး ကျောက်ဖြူမြို့မ ရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်သွားမယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။ ကိုထွန်းမင်းစိုး ဟာ ဘယ်အဖွဲ့နဲ့မှ ဆက်သွယ်တာ မရှိကြောင်းနဲ့ သူမှာအပြစ်မရှိတာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးစေချင် တယ်လို့ ဇနီးဖြစ်သူ မစိုးစိုးသန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့အထိ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့ အမှုပေါင်း ၁၀၉ မှု ရှိခဲ့တယ်လို့ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းက ပြည်နယ်လွှတ်တော်မှာ ဖြေကြားထားပါတယ်။