ကျောက်ဖြူမြို့ ကျောက်တလုံးဒုက္ခသည်စခန်း နေရာသစ်ကို ပြောင်းရွှေ့ခိုင်း
ကျောက်ဖြူမြို့နယ် ကျောက်တလုံးဒုက္ခသည်စခန်းက ဒုက္ခသည်တွေအနေနဲ့ နေရာအသစ်ကို မေလ ၂၁ ရက်ဒီနေ့အပြီး ပြောင်းရွှေ့ပေးရမယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-05-21 -
-
-
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တလုံးဒုက္ခသည်စခန်းက ဒုက္ခသည်တွေ အနေနဲ့ နေရာအသစ်ကို မေလ ၂၁ ရက်ဒီနေ့အပြီး ပြောင်းရွှေ့ပေးရမယ်လို့ ဒုက္ခသည်စခန်း ကြီးကြပ်ရေးအဖွဲ့က မေလ ၁၉ ရက်မှာ အသိပေးထားတယ်လို့ အဲဒီဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။
၁၀ နှစ်ကျော်ကြာနေလာခဲ့ လက်ရှိနေရာမှာ ဆက်လက်နေထိုင်ဖို့ အဆင်မပြေတော့တာ ကြောင့်ဆိုပြီး ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ နေရာသစ်လုပ်ပေးထားတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။
လက်ရှိ ကျောက်တလုံးဒုက္ခသည်စခန်းနဲ့ နှစ်ဖာလုံလောက်ဝေးတဲ့ နေရာမှာ ပြောင်းရွှေ့နေထိုင်ဖို့ နေအိမ်တွေ လုပ်ပေးထားပေမယ့် လျှပ်စစ်မီးသွယ်တန်းဖို့နဲ့ နေထိုင်ဖို့အတွက် အိမ်ပြုပြင်စရိတ် စုစုပေါင်း ကျပ် ၁၀ သိန်းခန့် ကုန်ကျနိုင်လို့ ပြောင်းရွှေ့ဖို့အဆင်မပြေဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
ဒီနေ့မှာလည်း တချို့ကတော့ ပြောင်းရွှေ့ကြတာရှိသလို နေအိမ်တွေပြုပြင်ရမယ့်ငွေ မတတ်နိုင်ကြတာကြောင့် အများစုက မပြောင်းရွှေ့ကြသေးဘူးလို့ ကျောက်တလုံး ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ဆိုပါတယ်။
အဲဒီနေရာဟာ တောင်ကျရေကြောင့် ရေကြီးရေလျှံသလို နေထိုင်ဖို့အတွက် အများကြီး ကုန်ကျနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်တလုံးဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ပြီးခဲ့တဲ့သောကြာနေ့တုန်းက မိုက်နဲ့ကြေညာတယ်။ ပြန်လည်နေရာချထားတဲ့နေရာကို ဒီနေ့ တနင်္ဂနွေနေ့အပြီး ပြောင်းရမယ်ဆိုပြီးတော့၊ မုန်တိုင်းမတိုက်ခင်တုန်းက ဒီလ ၁၅ ရက်အပြီး ပြောင်းရမယ်ဆိုပြီးတော့ ကြေညာသေးတယ်။ အခုကပြောင်းလို့ အဆင်မပြေ ဘူး။ ဒုက္ခသည်စခန်းကော်မတီကတော့ မပြောင်းရင် မိမိတာဝန်ဆိုပြီးတော့လည်း ပြောတယ်။ အဲနေရာက နေလို့အဆင်မပြေပါဘူး။ တောင်ကျရေလည်းရှိတယ်။ နေဖို့အိမ်တွေက ချက်ချင်းနေလို့မရဘူး ပြင်ဆင်ရမှာရှိတယ်။ ခြံကာဖို့၊ အိမ်သာ ဆောက်ဖို့၊ မီးသွယ်ရမှာရှိတယ်။ ဘယ်လိုနေမလဲ အဲဒီနေရမှာ”
ကျောက်ဖြူမြို့နဲ့ လေးမိုင်လောက်ဝေးတဲ့ အဲဒီဒုက္ခသည်စခန်းမှာ လက်ရှိ အိမ်ထောင်စု ၃၇၅ စု၊ လူဦးရေ ၁၁၀၀ နီးပါးရှိပြီး အများစုက ကမန်လူမျိုးတွေဖြစ်သလို သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ပြောင်းရွှေ့ခဲ့ကြရတာဖြစ်ပါတယ်။
ကျောက်တလုံးဒုက္ခသည်စခန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ခေါင်းဆောင် ဦးမော်နီကတော့ မေလ ၂၁ ရက် နောက်ဆုံးထားပြောင်းရွှေ့ဖို့ပြောပေမယ့် မဖြစ်မနေမဟုတ်ဘဲ ကျန်တဲ့ရက်တွေမှာလည်း ပြောင်းရွှေ့လို့ရတယ်လို့ RFA ကို ပြောပါတယ်။
မိုးတွင်းကာလရောက်မှပြောင်းရွှေ့ရင် အခက်အခဲတွေရှိလာနိုင်တာကြောင့် အခုချိန်ကတည်းက ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့တာလို့လည်း ဦးမော်နီက ဆိုပါတယ်။
မေလ ၂၁ ရက်အထိ ပြန်လည်နေရာချထားတဲ့နေရာအသစ်ကို ပြောင်းရွှေ့ကြတဲ့ အိမ်ထောင်စု ၁၄၀ ကျော် ရှိလာပြီး ကျန်တဲ့အိမ်ထောင်စုတွေလည်း ဆက်ပြီးပြောင်းရွှေ့ နေတယ်လို့ ဒုက္ခသည်စခန်း ကြီးကြပ်ရေးကော်မတီ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။