ကျောက်တော်ဒေသခံ ၁၈ ဦး ပြန်လွတ်ရေး မိသားစုဝင်တွေ တပ်ကို တောင်းဆို
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာကနေ တပ်မတော်က ဖမ်းဆီးသွားတဲ့ ကျေးရွာသား (၁၈)ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက ဒီနေ့တောင်းဆိုလိုက်ပါတယ်။
-
2020-06-15 -
-
-
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာကနေ တပ်မတော်က ဖမ်းဆီးသွားတဲ့ ကျေးရွာသား (၁၈)ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက ဒီနေ့တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျေးလက်ဒေသက ရွာသား ၁၈ ဦးကို တပ်မတော်က ဖမ်းဆီးသွားတာ သုံးလအထိရှိသွားပြီဖြစ်ပေမယ့် အဆက်အသွယ်မရတာကြောင့် စိုးရိမ်ပူပန်နေကြတယ်လို့ မိသားစုဝင်တွေက စစ်တွေမြို့မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တင်းမရွာသစ်က ကျေးရွာသား ရှစ်ဦးကို မတ်လ ၁၃ နေ့နဲ့ တင်းမကြီးရွာက ကျေးရွာသား ၁၀ ဦးကို မတ်လ ၁၆ ရက်နေ့တွေမှာ တပ်မတော်က အသီးသီး ဖမ်းဆီးသွားတာလို့ သိရပါတယ်။
တင်မကြီးကျေးရွာက ဒေါ်ဝင်းမေဦးက ဖမ်းဆီးခံရတဲ့အထဲပါသွားတဲ့ သူ့အမျိုးသား ဦးမောင်ကြည်လင်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“အရင်တုန်းက အမျိုးသား ရှာကျွေးနေတာကို စားနေရတာ။ ကျမ တစ်ခုမှ မလုပ်ကိုင်တတ်ဘူး။ အမျိုးသား ကိုလည်း အရမ်းစိုးရိမ်တယ်။ ဒါကြောင့် ဘာအပြစ်မှမရှိဘဲ ဖမ်းသွားတဲ့ ကျမတို့ အမျိုးသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”
တင်းမကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူ ဒေါ်ဦးသန်းရီကလည်း ဆွံ့အနားမကြားတဲ့ သားဖြစ်သူ ကိုနေလင်းဦး ဖမ်းဆီးခံထားရတယ်လို့ ပြောပါတယ်။
ဒေါ်ဦးသန်းရီက သားဖြစ်သူဖမ်းဆီးခံရပြီး ၃ ရက်အကြာမှာ တင်းမကြီးကျေးရွာအနီးက တောင်ရှည်တောင်ကို သွားရောက် ခိုးကြည့်ခဲ့ရာမှာ တပ်မတော်စစ်ကြောင်းက အလုပ်ခိုင်းနေတာကို မြင်တွေ့ရတယ်လို့ ပြောပါတယ်။
“ရွာထွက်ဝနဲ့ တောင်ရှည်တောင်နဲ့က နီးနီးလေးပဲ။ ကျမတစ်ယောက်တည်း သားကို သွားကြည့်တာ။ တချို့တွေက မြေပေါက်လို့၊ တချို့က မြေကိုပခုံးမှာထမ်းလို့ အဲဒီလို မြင်ခဲ့ပါတယ်။ ကျမသားကိုလည်း မှတ်မိတယ်။ အခြားသူတွေကိုလည်း မှတ်မိတယ်။ သူတို့ကို အလုပ်လုပ်ဖို့ ခိုင်းနေတာ”
အခုလို ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အသက် ၁၄ နှစ်သာရှိသေးတဲ့ ၈ တန်းကျောင်းသား မောင်ထွန်းထွန်းဝေလည်း ပါဝင်ပါတယ်။
ဒီလိုဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ အမေဖြစ်သူ ဒေါ်အေးရီက ပညာရေးမှူးနဲ့ ရဲတွေကို တိုင်ကြားခဲ့ပေမယ့် သူတို့အနေနဲ့ ဘာမှမလုပ်ပေးနိုင်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။
“ပညာရေးမှူးကို သွားတိုင်ပေမယ့် သူတို့မှာ လက်နက်မရှိဘူးလို့ ပြောတယ်။ သူတို့က အားနဲ့ လုပ်နေတာလို့ ပြောတယ်။ ကျနော်တို့လည်း မတတ်နိုင်ဘူးတဲ့၊ ကျောင်းသားဖြစ်တယ် ဆိုတဲ့အကြောင်း ထောက်ခံပေးလို့ တော့ ရတယ်လို့ပြောတယ်။ ကျနော်တို့ ကူညီချင်တယ် ဒါပေမဲ့ သူတို့ကို မကျော်နိုင်ဘူးလို့ ပြောတယ်။ ကျမတို့ ရဲ့စခန်းကိုလည်း သွားတိုင်တယ်။ ရဲစခန်းကလည်း သူတို့ကပို့မှ ကျနော်တို့ဆီကိုရောက်မှာတဲ့ ကျနော်တို့ ဘာမှလုပ်မပေးနိုင်ဘူး။ ကျနော်တို့က သူတို့လောက် အာဏာမရှိဘူး၊ အဲဒီလို ပြောတယ်။ သူတို့လည်း အရေးမလုပ်နိုင်ဘူး။ သူတို့ဆီက အပ်လို့ ရဲစခန်းကို ရောက်တဲ့အခါ အကြောင်းကြားပေးမယ်လို့ ပြောပါတယ်”
တင်းမသစ်ကျေးရွာက ဒေါ်မအေးလှက သူ့အမျိုးသားဖြစ်သူ ဖမ်းဆီးခံရသလို တခြားသူတွေကိုလည်း အခုလို ဖမ်းဆီးမခံစေချင်ဘူးလို့ ပြောပါတယ်။
“ကျွန်မမှာ ကလေးသုံးယောက်ရှိတယ်။ တစ်နေ့တစ်နေ့ အဖေဘယ်တော့ပြန်လာမလဲလို့ မေးနေတော့ ကျွန်မ အဖြေရခက်နေပြီ။ သူတို့ကို ဖြေရမယ့်အဖြေကို ကျွန်မ ရှာမရတော့ဘူး။ အဖေကြီးကို စစ်သားတွေ ဖမ်းသွားတော့ သားတို့ဘယ်လိုလုပ်မလဲ မေးတော့လည်း ကျွန်မ ဖြေရခက်တယ်။ ကျွန်မတို့လို ကျန်ရှိနေတဲ့ ရခိုင်သူ၊ ရခိုင်သားတွေအပေါ် ဒီလိုမရက်စက်ဖို့ ကျွန်မတောင်းဆိုချင်ပါတယ်”
ကျေးရွာသား ၁၈ ဦး ဖမ်းဆီးထားတဲ့အပေါ် မိသားစုဝင်တွေရဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တင်းမကြီးရွာနဲ့ တင်းမသစ်ရွာက ဒေသခံ ၁၈ ဦးကို တပ်မတော်က ဖမ်းဆီးထားတယ်ဆိုတဲ့ ကိစ္စကို အတိအကျမသိသေးဘဲ ပြန်လည်စိစစ်ပေးမယ်လို့ ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို သံသယကြောင့်ဖမ်းဆီးခံရတာ၊ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေကလည်း တနေ့တခြား များလာနေတာပါ။
RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ၂၀၁၈ ဒီဇင်ဘာလကနေ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၂၆၀ နဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ကတော့ ၅၆၅ ဦးအထိ ရှိနေပါတယ်။