ကျောက်တော်မှာ ဗုံးပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း အဲဒီအမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နဂရာရွာက အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး ဒေသခံ ငါးဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် အမျိုးသမီးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့ ညက ကျောက်တော်ဆေးရုံသို့ ပို့ဆောင်နေစဉ်။ ဓာတ်ပုံ - ဖြူစင်မေတ္တာ ပရဟိတအသင်း ကျောက်တော်မြို့နယ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပလောင်ရွာမှာ အောက်တိုဘာ ၁၃ ရက်နေ့ မနေ့ည က ဗုံးပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြော ပါတယ်။

ပလောင်ရွာနဲ့ ကပ်လျက်က အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တပ်ရဲ့ ခြံစည်းရိုး နားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲဒီပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသမီး အာရှာဟာဒူး ဆိုသူ ထိခိုက်ဒဏ်ရာ ရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညဉ့်အချိန်မှာ မိုင်းတစ်လုံးပေါက်တယ်။ နေအိမ်မှာနေရင်း ဒဏ်ရာရသွားတာ။ သူက ဘုရားဝတ်ပြုပြီးလို့ အောက်ကို ဆင်းတယ်။ သူနဲ့ ပေ ၃၀ လောက်အဝေးမှာ မိုင်းတစ်လုံး ပေါက်တာ။ အဲဒီမှာ သူ့ရဲ့ ညာဘက်ရင်အုံ နားမှာ မိုင်းစထိမှန်သွားတယ်”

လက်ရှိမှာတော့ ဒဏ်ရာရသူဟာ ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သူက ဆိုပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း အဲဒီအမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် နဂရာရွာက အသက် ခုနစ်နှစ် အရွယ် ကလေးတစ်ဦးသေဆုံးပြီး ဒေသခံ ငါးဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်နေတာ အခုဆိုရင် သုံးလနီးပါး ကြာမြင့်လာပါပြီ။

RFA က သီးခြားပြုစုထားတဲ့ စာရင်းအရ တစ်ကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီး၊ မိုင်းနဲ့ ပေါက်ကွဲစေ တတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၁၁ ဦး သေဆုံး ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၈ ဦးအထိ ရှိလာပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org