ကျောက်တော်မြို့နယ်ပစ်ခတ်မှု အရပ်သား ခုနှစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် တပ်မတော်က ပြန်လည်ပစ်ခတ်ရာမှာ အရပ်သား ခုနှစ်ဦး ဒဏ်ရာရသွားတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားသည့် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာ အဝင်လမ်း။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် တပ်မတော်ကပြန်လည်ပစ်ခတ်ရာမှာ အရပ်သား ခုနှစ်ဦး ဒဏ်ရာရသွားတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

ကျောက်တော်မြို့ဘက်ကနေ မဟာမြတ်မုနိဘုရားဘက်ကို လမ်းမကြီးအတိုင်းထွက်လာတဲ့ တပ်မတော် စစ်ကြောင်းတစ်ခုဟာ ဒီနေ့နေ့လယ်ပိုင်းက သရက်တပင်ကျေးရွာအနီး တံတားနားမှာ မိုင်းနှစ်လုံး ခွဲပြီး တိုက်ခိုက်ခံခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။

မိုင်းနှစ်လုံးပေါက်ကွဲတဲ့ အချိန်မှာပဲ တပ်မတော်စစ်ကြောင်းက ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့တာလို့ သရက်တပင်ကျေးရွာက အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးကပြောပါတယ်။

“သရက်တပင်ရွာနဲ့ ဒေါင်းတောင်ယိုးကြားမှာရှိတဲ့ အာရှလမ်းမကြီးပေါ်မှာပေါ့။ အဲဒီနားမှာ ဗုံးကွဲတာပေါ့နော်။ အဲဒီအခါကျတော့ ကျွန်တော့တို့ရွာထဲမှာရှိတဲ့ စစ်ကြောင်းကနေပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာပေါ့နော်။ ကျွန်တော်တို့ အိမ်ခေါင်မိုးတွေမှာလည်းကျတယ်။ ရပ်ရွာထဲမှာလည်း အမြောက်ကြီးတွေ ကျတာရှိတယ်။ နောက် လက်နက်ငယ်တွေကျတာလည်း ရှိပါတယ်”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

“အုပ်ချုပ်မှုကိစ္စလုပ်တဲ့ စစ်ကြောင်းတစ်ကြောင်းကို သရက်တပင် အဝင် တံတားကနေပြီး မိုင်းနှစ်လုံးခွဲတယ်။ ပြီးတာနဲ့ ရွာထိပ်ကနေပြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ပစ်တဲ့အတွက် ကျနော်တို့ကနေပြီး ပြန်ပစ်ခတ်တာ ရှိတယ်။ ကျနော်တို့ဆီကတော့ ဘာမှထိခိုက်ဒဏ်ရာရတာ မရှိဘူး။ နှစ်နာရီဝန်းကျင်လောက်က ဖြစ်တာ၊ သုံးနာရီဝန်းကျင်လောက် ဆိုတော့ တစ်နာရီလောက် ကြာတာပေ့ါ”

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ အဲဒီနေရာမှာ သူတို့တပ်က မိုင်းထောင်တိုက်ခိုက်တာ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

“ကျနော်တို့ဘက်က ဒီနေ့အထိ အဲဒီနေရာမှာ မိုင်းခွဲတိုက်ခိုက်တာ မရှိဘူး။ ဖြစ်နိုင်ခြေရှိတာကတော့ ဗမာစစ်တပ်က ရွာထဲဝင်ပြီး ပစ်ခတ်ချင်တဲ့အတွက်ကြောင့် သူတို့ဟာသူတို့ မိုင်းထောင်ပြီး ခွဲတာ ဖြစ်နိုင်တယ်”

ဒီနေ့ဖြစ်စဉ်ကြောင့် အနီးဝန်းကျင်မှာရှိတဲ့ သရက်တပင်ကျေးရွာက နှစ်ဦး၊ ရွှေတလှည်းကျေးရွာက နှစ်ဦး၊ ရေဗကျေးရွာက နှစ်ဦးနဲ့ ကျောက်တလုံးကျေးရွာက ၁ ဦး စုစုပေါင်း လူ ခုနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သရက်တပင်ကျေးရွာက ဒဏ်ရာရသူတွေထဲမှာ အသက် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်ပြီး ကျန်တဲ့သူကတော့ အသက် ၁၆ နှစ်ကနေ ၅၀ ဝန်းကျင်အထိ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား ၄ ဦးဖြစ်တယ်လို့သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားနေတဲ့အချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေက လူနေအိမ်တွေအထိကျ ရောက်လာ တာကြောင့် ဒဏ်ရာရကြတာလို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေကပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရလူနာတွေကို ကျောက်တော်ဆေးရုံကြီးကိုပို့ဆောင်ထားရပါတယ်။

ဒဏ်ရာရသူတွေကို ကူညီခဲ့တဲ့ ကျောက်တော်မြို့နယ် ဖြူစင်မေတ္တာပရဟိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးညီပုက အခုလိုပြောပါတယ်။

“အခင်းဖြစ်နေတဲ့အချိန်မှာ ဒဏ်ရာရသူတွေက ကိုယ့်အိမ်မှာ နေကြတာပါ။ အိမ်မှာ လာကျပြီး ပေါက်ကွဲပြီးတော့ အဲဒါကနေ ထိကြတာ။ ဒဏ်ရာအခြေအနေကတော့ ဆေးရုံမှာ ဆရာဝန်တွေ ကုသပေးတဲ့ အနေအထားနဲ့ ခုလောလောဆယ်တော့ သိပ်စိုးရိမ်စရာ မရှိပါဘူး”

ဒီနေ့နေ့လယ်က အပြန်အလှန်ပစ်ခတ်မှုမဖြစ်ဘဲ တပ်မတော်ကပစ်ခတ်လို့ အရပ်သားတွေဒဏ်ရာရကြတာလို့ ဒေသခံတွေကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ကျည်လာရာလမ်းကြောင်း အတိုင်း ပြန်လည်ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။

“ကျနော်ပြောထားပြီးသား၊ ကျည်လာတဲ့နေရာကို ကျနော်တို့က ပြန်ပစ်မှာပဲ။ ကျနော်အပြတ်ပြောတာ။ မပစ်လို့ရှိရင် ကျနော် ခဏခဏ ပြောတယ် ကိုယ့်လူတွေ အကုန်လုံးထိခိုက် ဒဏ်ရာရမှာပေါ့။ အဲဒီတံတားနားမှာ မိုင်းနှစ်လုံးထောင်တာ အဲဒီရွာ မသိဘူးလား။ သိလို့ရှိရင် ကျနော်တို့ကို သတင်းပေးလေ.. တံတားနားမှာတော့ မိုင်းနှစ်လုံးထောင်ထားတယ်… AA ထောင်သွားတယ်… အဲဒီနားတော့ မလာနဲ့ လာရင်ပစ်ခတ်မှုဖြစ်မယ်… သတင်းပေးလေ။ သတင်းမပေးဘဲနဲ့ အလိုတူအလိုပါ နေလို့ကတော့ အဲဒီရွာ ပစ်မှာပဲ”

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက အခုလိုတုံ့ပြန်ပါတယ်။

“ရခိုင်စစ်တပ်က ရခိုင်ရွာထဲကနေ သူတို့ကို ပစ်မလား။ အဲဒီလိုမျိုး ပစ်ရင် ကျနော်တို့လူတွေ သေမှာပေ့ါ၊ ဘယ်သူက အဲဒီလိုပစ်မှာလဲ။ ရွာထဲက ပစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ပစ်တယ်၊ ကျည်ဆံလာတဲ့ လမ်းကြောင်းကို ပြန်ပစ်မယ်ဆိုပြီးတော့ တလျှောက်လုံး ပြောလာတာရှိတယ်။ တကယ်မပစ်ရင်လည်း အဲဒီလို ပစ်တယ်လို့ သူတို့ကပြောပြီးတော့ ပစ်မှာ။ ဒီဟာက ပြောမယ်ဆို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ဖြစ်တယ်ဗျ။ ဒါဟာ ကိုလိုနီလုပ်ထားတဲ့ လူမျိုးတစ်မျိုးကို နှိပ်ကွပ်တဲ့ အငွေ့အသက်တွေ မြင်ရတယ်”

အရပ်သားတွေထိခိုက်နစ်နာမှုမဖြစ်ရအောင် ဒေသခံကျေးရွာသားတွေအနေနဲ့ AA အဖွဲ့ရဲ့လှုပ်ရှား တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ တပ်မတော်ကို သတင်းပေးဖို့လိုအပ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ AA အဖွဲ့အပေါ် ဆောင်ရွက်နေတဲ့ စစ်ဆင်ရေးနဲ့ပတ်သက်လို့ ဒေသခံတွေဟာ တပ်မတော်ဘက်က ပူးပေါင်းပါဝင်မှုရှိသလားလို့ RFA က မေးမြန်းရာမှာ ဗိုလ်မှူးကြီးဝင်းဇော်ဦးက လုံးဝမရှိဘူးလို့ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကနေ ဒီနေ့အထိ အရပ်သားထိခိုက်သေဆုံးမှုဟာ လူ ၈၀ ကျော်အထိရှိနေသလို ထိခိုက်ဒဏ်ရာရသူတွေကတော့ လူပေါင်း ၁၂၀ ကျော်လောက်အထိ ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org