ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အကာအကွယ်ပေးဖို့ မြို့နယ်ထွေအုပ်ထံ တောင်းဆို
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄၅ ဦးက တပ်မတော်ဟာ မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်မပါဘဲ အုပ်ချုပ်ရေးမှူးတွေကို တိုက်ရိုက်ဖမ်းဆီးနေတာတွေကြောင့် သူတို့ကိုအကာကွယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
-
2019-06-05 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄၅ ဦးက တပ်မတော်ဟာ မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်မပါဘဲ အုပ်ချုပ်ရေးမှူးတွေကို တိုက်ရိုက်ဖမ်းဆီးနေတာတွေကြောင့် သူတို့ကိုအကာကွယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ကျောက်တော်မြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ခွင့်ပြုချက်မပါဘဲ တပ်မတော် ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက RFA ကို ပြောပါတယ်။
အဲဒီလိုဖမ်းဆီးနေတာတွေကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၄၅ ဦးက မနေ့ညနေက နုတ်ထွက်စာတင်လိုက်တာပါ။
နုတ်ထွက်စာတင်ခဲ့တဲ့ ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင် က RFA ကို အခုလိုပြောပါတယ်။
"ကျနော်တို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က ရိုက်နှက်ဖမ်းဆီးသလို သူတို့ဖမ်းချင်ဝင်ဖမ်းတယ် သူတို့ထဲမှာ ရက်တာရှည်ထားတယ် ပြီးမှ ရဲစခန်းကို ပို့တယ် အဲလိုလုပ်နေရင် ကျနော်တို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ အစိုးရအဖွဲ့ရဲ့ အောက်ခြေ အဖွဲ့အစည်းဖြစ်တဲ့အတွက် တကယ်လို့ မေးမြန်းစရာ စစ်ဆေးစရာရှိရင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုခေါ်ပြီးမှ စစ်ဆေးမေးမြန်းဖို့ တောင်းဆိုထားပါတယ် ဝန်ကြီးချုပ်ဆီကို သွားပြောတော့လည်း ဘာမှ တာဝန်မယူနိုင်ဘူးလို့ ပြောလို့ ကျနော်အခုလို နုတ်ထွက်လိုက်တာဖြစ်ပါတယ်"
ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်က ကျောက်တော်မြို့နယ် ရွှေပြည်သာကျေးရွာအုပ်ချုပ်ရေးတာဝန်ခံ ဦးသိန်းစိုးအောင်နဲ့ မင်းသားတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်တို့ကို တပ်မတော်က ရက်အတော်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ အပ်နှံလိုက်တာတွေရှိခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
ရွာအုပ်ချုပ်ရေးမှူးတွေကို မြို့နယ်ထွေအုပ်အနေနဲ့ အကာအကွယ်ပေးသင့်တယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော်တို့ကို ဖမ်းသွားပြီးမှ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်မယူပေးနိုင်တာကတစ်ပိုင်း ဒါကြောင့် ကျနော်တို့ လုပ်တော့ ဘာထူးမှာမလို့လဲ တပ်မတော်ကလာလို့ရှိရင်လည်း ကျနော်တို့ အုပ်ချုပ်ရေးမှူးက အတွေခံရတာဘဲ၊ AAကလာရင်လည်း ကျနော်တို့က အတွေခံရတယ်၊ အတွေခံရတယ်ဆိုတော့ ထွက်ပြေးလို့လည်း မရဘူးလေ။ ကျနော်တို့က အပြစ်ရှိလို့ ကြောက်ပြီးထွက်ပြေးတယ်လို့ ထင်ခံရမှာကိုလည်း စိုးရိမ်ရတယ်။ ဒီအချက်အလက်တွေကို ကျနော်တို့ကို တာဝန်ခံမှု၊ တာဝန်ယူမှု အပိုင်းလေးတွေ လုပ်ပေးမယ်ဆိုရင် ကျနော်တို့က အုပ်ချုပ်ရေးမှူးတာဝန်ကို ထပ်ပြီးထမ်းဆောင်မယ် တာဝန်ယူပြီးလုပ်ပေးမယ်"
ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က တိုက်ရိုက်ဖမ်းဆီးတာတွေမလုပ်ဘဲ စစ်ဆေးမေးမြန်းဖို့ရှိရင် မြို့နယ်ထွေအုပ်ကနေတဆင့် ဆင့်ခေါ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖဲ့ွ ကြားခံထားပြီး စစ်ဆေးပေးဖို့ တောင်းဆိုကြပါတယ်။
ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကနေ ဖွဲ့စည်းပေးဖို့လည်း ရွာအုပ်ချုပ်ရေးမှူးတွေရဲ့ တောင်းဆိုချက်မှာ ပါဝင်ပါတယ်၊။
ဒီတောင်းဆိုချက်နဲ့အတူ အုပ်ချုပ်ရေးမှူး ရင်ထိုးတွေ၊ တံဆိပ်တုန်းတွေကို မြို့နယ်ထွေအုပ်ထံ တစ်ခါတည်း ပေးပို့လိုက်ပြီး တောင်းဆိုချက်တွေမရခဲ့ရင် နုတ်ထွက်သွားမယ်လို့လည်း အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
ကျောက်တော်မြို့နယ်မှာ ရပ်ကွက်/ကျေးရွာအုပ်စု ၈၄ စုရှိပြီး အုပ်ချုပ်ရေးမှူး ၈၄ ယောက်ထဲက ၄၅ ယောက် နုတ်ထွက်ကြတာဖြစ်ပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို RFA က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ နုတ်ထွက်စာတင်ထားတာတွေကို လက်ခံရရှိထားတယ် အတည်ပြုပြောပါတယ်။
အဲဒီနှုတ်ထွက်စာတွေအပေါ် ပြည်နယ်ထွေအုပ်အနေနဲ့ ဘယ်လိုဆက်လက်ဆောင်ရွက်မလဲလို့ မေးမြန်းရာမှာတော့ အလုပ်ရှုပ်နေတယ်လို့ ပြောပြီး ဖုန်းချသွားပါတယ်။
အုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က ဖမ်းဆီးတယ်ဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ....
"အဓိကကတော့ ကျနော်တို့က အုပ်ချုပ်ရေးမှူး မဟုတ်ဘူး ရာအိမ်မှူး နှစ်ယောက်ကို ရွာမှာစစ်ပြီးတော့ AA ဖြစ်တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းထားတာ စစ်ဆေးနေဆဲပေါ့ ဒီဥစ္စာက အုပ်ချုပ်ရေးမှူးဖြစ်ဖြစ်၊ ရာအိမ်မှူးဖြစ်ဖြစ် ကျနော်တို့က အကြမ်းဖက်တဲ့လူ၊ သောင်းကြမ်းသူ အားပေးလို့ရှိရင် ၁၇(၁)နဲ့ စွဲထားတယ် ၁၇(၁)နဲ့ တရားစွဲနိုင်တဲ့ ကိစ္စတွေကတော့ ကျနော်တို့က ဘယ်သူဘဲဖြစ်ဖြစ် စစ်ဆေးတယ် ခိုင်မာတယ်ဆိုရင် တရားစွဲဆိုတယ်"
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြောက်ဦးမြို့နယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း အခုလိုနုတ်ထွက်စာတင်တာတွေ ရှိခဲ့ပါတယ်ခင်ဗျာ။