နာရေးကူညီမှုအသင်း ဒေါ်လာငွေ ခြောက်သောင်း ရရှိ
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် လူမှုရေးအဖွဲ့တခုဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ နာရေးကူညီမှုအသင်း ဦးဆောင်သူ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ ကျော်သူနဲ့ဇနီး ဒေါ်ရွှေဇီးကွက်တို့ကို ကယ်လီဖိုးနီးယား ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေက ပြည်တွင်း လူမှုရေးလုပ်ငန်းတွေအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေါ်လာငွေ ၆ သောင်းခန့် လှူဒါန်းခဲ့ကြပါတယ်။
-
2012-05-07 -
-
-
ခရီးစဉ်အတွင်း အခုလိုအလှူငွေကောက်ခံဖို့ အစီအစဉ် မရှိခဲ့ပေမယ့် အမေရိကန်ရောက် မြန်မာတွေက ပြည်တွင်းမှာ အကူအညီ လိုအပ်နေသူတွေအတွက် ရည်ရွယ်ပြီး စိတ်စေတနာနဲ့ ဝိုင်းဝန်း လှူဒါန်းကြတဲ့အတွက် အားတက်မိကြောင်း ဒေါ်ရွှေဇီးကွက်က အခုလို ပြောပါတယ်။
" အခုဒီဘက်လာတဲ့ အခါကျတော့ ဒီကလူတွေက ကျွန်မတို့အသင်းရဲ့ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်ဆိုတာ သူတို့သိသွားတဲ့အတွက် သူတို့လည်း ပိုပြီးတော့ ကျွန်မတို့ကို ကူညီရမယ်ဆိုတာ နားလည်လာကြတယ်ပေါ့နော်။ အဲဒီနေရာလေးမှာ တခုပြောချင်တာက ကျွန်မတို့က ငွေရေးကြေးရေးက အဓိက မဟုတ်ပါဘူး။ အားလုံးကစိတ်ဓာတ်ပေါ့နော်။ ကျွန်မတို့ ပြည်သူတွေအပေါ်မှာ ကျွန်မတို့ မြန်မာပြည်တွင်းမှာ ကျန်ရစ်ခဲ့တဲ့ မြန်မာလူမျိုးတွေအတွက် ပြည်ပရောက် မြန်မာတွေဟာ care လုပ်တယ်။ ဂရုစိုက်တယ်။ အားပေးတယ်ဆိုတာမျိုးလေး ဖြစ်စေချင်တာပါ။ စိတ်ဓာတ်ခွန်အားတွေရယ်၊ သူတို့ဘက်က ကျွန်မတို့ကို မမေ့ဘူးဆိုတာ ကျွန်မတို့ ဗမာပြည်တွင်းမှာ ကျန်ခဲ့တဲ့ ဗမာလူမျိုးတွေနဲ့ ကိုယ့်မြန်မာပြည်ကြီးကို မမေ့ဘူးဆိုတာအတွက် ကျွန်မပိုပြီး အားရပါတယ်"
နာရေးကူညီမှုအသင်း ဆောင်ရွက်နေတဲ့ လူမှုရေး လုပ်ငန်းတွေအပေါ်မှာ ပြည်ပရောက် မြန်မာတွေက အင်မတန် စိတ်ဝင်တစား ရှိတာကို မြင်ရတယ်လို့ ဦးကျော်သူက RFA ကိုပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိမြို့မှာ စနေနေ့က ကျင်းပတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာ နာရီပိုင်းအတွင်း ဒေါ်လာငွေ သုံးသောင်း ငါးထောင်နီးပါး ကောက်ခံရရှိခဲ့ပြီး တနင်္ဂနွေနေ့က ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတဲ့ ပွဲမှာတော့ လှူဒါန်းငွေ ဒေါ်လာ နှစ်သောင်း သုံးထောင်ကျော် ရရှိခဲ့ပါတယ်။
အခုလို အလှူငွေတွေ လက်ခံတဲ့ အစီအစဉ်ကို ပြည်သူ့ဂုဏ်ရည်အသင်းက ဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။
ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်ဟာ လာမယ့်မေလ (၂၇) ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် ပြည်သူ့ဂုဏ်ရည် ဆုပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ကြပါလိမ့်မယ်။