ရဲမှူးချုပ် ကျော်သီဟကို စစ်ကောင်စီ ထောင်သုံးနှစ်ချ
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရဲတပ်ဖွဲ့ ရဲမှူးချုပ် ကျော်သီဟကို နေပြည်တော် ရဲတရားရုံးကနေ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်သုံးနှစ်ချလိုက်ပြီး ရမည်းသင်းထောင်ကို ပို့ဆောင်ထားတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ဒီဇင်ဘာလ ၁၅ ရက် ဒီနေ့မှာ ပြောပါတယ်။
-
RFA Burmese
2023-12-14 -
-
-
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရဲတပ်ဖွဲ့ ရဲမှူးချုပ် ကျော်သီဟကို နေပြည်တော် ရဲတရားရုံးကနေ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်သုံးနှစ်ချလိုက်ပြီး ရမည်းသင်းထောင်ကို ပို့ဆောင်ထားတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ဒီဇင်ဘာလ ၁၅ ရက် ဒီနေ့မှာ ပြောပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ရာထူး လုပ်ပိုင်ခွင့် မလျော်ဩဇာသုံးမှု၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က စစ်ဘက်ဆိုင်ရာ တရားရုံးက ထောင်ဒဏ်ငါးနှစ် ချမှတ်ပြီးနောက် နောက်ဆက်တွဲအနေနဲ့ ရဲမှူးချုပ် ကျော်သီဟ ဖမ်းဆီးစစ်ဆေးခံခဲ့ရတာလို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
အဲဒီနောက် တစ်လနီးပါးအကြာမှာ ရဲတရားရုံးက ထောင်သုံးနှစ်ချလိုက်ပြီး ဒီဇင်ဘာလ ၄ ရက်နေ့မှာ ရမည်းသင်းအကျဉ်းထောင်ကို ပို့ဆောင်လိုက်တာလို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
"ထောင်ချတာတော့ အဂတိတို့ ဘာတို့တော့ ခေါင်းစဉ်မတပ်ဘူး၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့ပဲ သုံးနှစ်ချတယ်။ အခု ရမည်းသင်းထောင်က သီးသန့်တိုက်မှာ ထားထားတယ်"
ရဲမှူးချုပ် ကျော်သီဟဟာ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးတဲ့ကိစ္စတွေမှာ လာဘ်ယူတာနဲ့ ဌာနတွင်း ရန်ပုံငွေတွေကို အလွဲသုံးစားပြုလုပ်တာ စတဲ့ စွပ်စွဲချက်တွေ ကြောင့် ဖမ်းဆီးထောင်ချခံရတာလို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ RFA က သီခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ရဲမှူးကြီး ကျော်သီဟကို အရေးယူထောင်ချလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးပါဘူး။
ရဲမှူးချုပ် ကျော်သီဟဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက် ကတည်းက ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနကို စစ်တပ်ရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)ကနေ ဒုတိယဗိုလ်မှူးကြီး အဆင့်နဲ့ ပြောင်းရွှေ့လာသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ထိပ်တန်းအရာရှိတွေရဲ့ အဂတိလိုက်စားမှုကိစ္စတွေ အပါအဝင်၊ ဒေါ်လာကိစ္စနဲ့ ပို့ကုန်သွင်းကုန်ကိစ္စတွေကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက်ခဲ့ပြီး တာဝန်ရှိ စစ်ဗိုလ်ချုပ်တွေကို အရေးယူရတဲ့အထိ လူသိရှင်ကြား ဖြစ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကလည်း ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးကို အဂတိလိုက်စားမှုကြောင့် စစ်ကောင်စီက ထောင် အနှစ်နှစ်ဆယ်နဲ့ ညီမျှတဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချခဲ့ပါတယ်။