နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဘင်္ဂလားဒေ့ရှ်မှာ ဆွေးနွေး

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့ မြန်မာဘက်က အဆိုပြုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီ တို့ အောက်တိုဘာလ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့ဆုံစဉ် Photo: Myanmar State Counsellor Office's Facebook

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့ မြန်မာဘက်က အဆိုပြုခဲ့ကြောင်း  ဘင်္ဂလားဒေ့ရှ် နိုင် ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စား လှယ်အဖွဲ့နဲ့ တွေ့ဆုံအပြီးမှာ ပြောဆိုခဲ့တာပါ။ ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ရေး၊ လက်ခံရေးလုပ်ငန်းစဉ်ကို ကြီးကြပ်ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေနဲ့ လုပ်ငန်းအဖွဲ့တရပ် ဖွဲ့စည်းဖို့လည်း သဘောတူခဲ့ကြပါတယ်။

အဲသလို ပြန်လည်လက်ခံရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက စောင့်ကြည့်တာတွေ ဖြစ်လာနိုင်တယ်လို့ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဝန်ကြီး ဦးသိန်းဆွေက ပြောတာဖြစ်ပါတယ်။

"အဲဒါကတော့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆွေးနွေးရမယ်။ ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောတာကတော့ နိုင်ငံတကာမျက်နှာစာမှာ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်မယ်ဆိုတဲ့အတွက် ဒါတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စောင့်ကြည့်တာတွေတော့ ဖြစ်လာနိုင်ပါတယ်"

ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၉ ရက်နေ့က ပြောကြားခဲ့တဲ့အတိုင်း မြန်မာနိုင်ငံအနေဖြင့် ဒုက္ခသည်တွေ စိစစ်ရေးနဲ့ ပြန်လည်ပို့ဆောင်ရေးကိစ္စတွေ ဆောင်ရွက်ဖို့အသင့်ရှိကြောင်း၊ နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်မယ့်အစီအစဉ်တွေ၊ နှစ်ဖက်သဘောတူထားတဲ့ သတ်မှတ်ချက်များ အတိုင်း မြန်မာနိုင်ကို ပြန်လည်ဝင်ရောက်လိုတဲ့ ဒုက္ခသည်များစိစစ်ရေး ကိစ္စရပ်တွေ ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို  မြန်မာနိုင်ငံ၊ နေပြည်တော်ကို လာရောက်ဖို့ ဖိတ်ကြားခဲ့ရာမှာ၊ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက လက်ခံကြောင်း ဖေါ်ပြ ထားပါတယ်။

ပြည်ထောင်စု အစိုးရ လူမှုဝန်ထမ်းဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း မြန်မာနိုင်ငံရဲ့ အရေးပေါ်ဦးစားပေး ကိစ္စ နောက်တစ်ခုက ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးဖြစ်ကြောင်း၊ ပြန်လာလိုတွေအတွက် ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို အချိန်မရွေး စတင်နိုင်ကြောင်း၊ တောင်ပြိုလက်ဝဲနဲ့ ငခူရမှာ စခန်းတွေဖွင့်ပြီး ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ ဥပဒေနဲ့အညီ ပြန်လည်လက်ခံမှာဖြစ်ကြောင်း ဂျနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမင်းကြီးရုံး အမှုဆောင်ကော်မတီအစည်းအဝေး မှာ ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org