ကြိမ်ချောင်း နယ်ခြားစောင့်ရဲတပ်ရင်းကို AA သိမ်းယူ

ကြိမ်ချောင်းရွာအနီးက အောင်စစ်ပြင်ရွာမှာ အထိုင်ချထားတဲ့တပ်စခန်းဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်ရဲ ပူးပေါင်းအင်အား ခြောက်ရာခန့်ရှိတဲ့ စခန်းလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းအဝင်ဝအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။ RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းက စစ်ကောင်စီရဲ့ အင်အားကြီးတပ်စခန်းတစ်ခုဖြစ်တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ-၇ ကို ဧပြီလ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်တိုက်ခိုက်သိမ်းယူနိုင်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီစခန်းဟာ ကြိမ်ချောင်းရွာအနီးက အောင်စစ်ပြင်ရွာမှာ အထိုင်ချထားတဲ့တပ်စခန်းဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်ရဲ ပူးပေါင်းအင်အား ခြောက်ရာခန့်ရှိတဲ့ စခန်းလို့ ဆိုပါတယ်။

ဒီမနက်အစောပိုင်း ၁ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ လေကြောင်းပစ်ကူ ပေးတာ၊ မောင်တောမြို့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ-၅ တပ်ရင်းက လက်နက်ကြီးပစ်ကူ ပေးတာတွေရှိနေတဲ့ ကြားက AA က သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့ အရုဏ်တက်ချိန်သိမ်းလိုက်တာလို့ သိရတယ်။ ည ၁ နာရီလောက်ကနေစပြီးတော့ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်နေခဲ့တာ ဂျက်တိုက်လေယာဥ်အသံနဲ့ လက်နက်ကြီးပစ်သံကို ကြားနေရတယ်။ ကျွန်တော်တို့ အခုရောက်နေတဲ့ နေရာနဲ့ သိပ်မဝေးဘူးလေ ကြိမ်ချောင်းနဲ့”

ဒီတပ်ရင်းကို ဖေဖော်ဝါရီလဆန်းကစလို့ နှစ်လအကြာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်၊ ရဲ နဲ့ မိသားစုဝင် နှစ်ရာခန့်ကို AA က ဖမ်းမိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေတွေကို မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ AA တို့က တစ်စုံတစ်ရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပေဒချုပ် ဦးလှသိန်းကတော့ ဒီဖြစ်ရပ်ကို မသိရသေးကြောင်း RFA ကို ပြောပါတယ်။

အခုတပ်စခန်းအပါအဝင် မောင်တောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ ဒုံးညို၊ တောင်ပြို၊ ကြောင်နဖ၊ အောင်သပြေ၊ ရန်အောင်မြင်နဲ့ တမန်းသား တပ်စခန်းတွေကိုလည်း AA က သိမ်းပိုက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org