ကျိုက်ထိုမှာ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ရှစ်ထောင်ကျော် နေရပ်စွန့်ခွာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၈,၀၀၀ ကျော်နေရပ်စွန့် ခွာထွက်ပြေးနေရပါတယ်။

မီးရှို့ဖျက်ဆီးခံရသည့် ပိန္နဲကုန်းကျေးရွာမှ နေအိမ်များကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ကတွေ့ရစဉ်။ Photo: KRIN

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွား နေတာကြောင့် ဒေသခံ ၈,၀၀၀ ကျော်နေရပ်စွန့် ခွာထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က အောက်တိုဘာ ၂၀ ရက် မနေ့က သတင်းထုတ် ပြန်ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့ကစလို့ နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကျိုက်ထို မြို့နယ် ကျောက်ဖျာနဲ့ ပျဉ်းကတိုး ကျေးရွာအုပ်စုက ရွာတွေအပါအဝင် ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံတွေ ထွက်ပြေးနေရတာလို့ ကျိုက်ထိုမြို့နယ် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ကျိုက်ထီးရိုးတောင်ခြေအောက် ပတ်ပတ်လည်မှာ တိုက်ပွဲကဖြစ်နေတာကြာပြီ။ ဒေသခံတွေကတော့ ထွက်ပြေးနေကြရတာပေါ့။ စစ်ကောင်စီဘက်ကတော့ စစ်ကြောင်း ထိုးနေတာရှိတယ်။ ဟိုရက်က ပိန္နဲကုန်းရွာကနေအိမ် ရှစ်လုံးလောက်မီးရှို့ခံခဲ့ရတယ်။ နောက်တစ်နေ့အထိ မီးခိုးတွေက နေအိမ်တွေထဲမှာ ထွက်နေတုန်းပဲ”

အောက်တိုဘာ ၁၉ ရက်နေ့က ပိန္နဲကုန်းရွာအနီးက နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီ တပ်ဘက်က နှစ်ဦး သေဆုံးခဲ့သလို ရွာသားနှစ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ သူကဆိုပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထဲမှာ တပ်မ - ၇၇၊ တပ်မ -၄၄၊ ခြေမြန်တပ်ရင်း -၅၅၉၊ ၂၀၇၊ ၂ နဲ့ ခြေလျင်တပ်ရင်း ၄၈ တို့က အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနိုင်းရေးရုံး(UN OCHA) က အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးတဲ့နောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သန်းကျော်ဟာ နေရပ်စွန့်ခွာ နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org