ကျိုက်မရောမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ နှစ်ဆယ်ကျော် ထိခိုက်သေဆုံး
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသ ငပုအင်းရွာကို ဇူလိုင်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေအပါအဝင် အယောက်နှစ်ဆယ်ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်း တာဝန်ရှိသူက RFA ကို ပြောပါတယ်။
-
RFA Burmese
2024-07-19 -
-
-
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသ ငပုအင်းရွာကို ဇူလိုင်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေအပါအဝင် အယောက်နှစ်ဆယ်ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်း တာဝန်ရှိသူက RFA ကို ပြောပါတယ်။
ထိခိုက်သေဆုံးသူတွေထဲမှာ အရပ်သားတွေအပြင် ကျားဖြူစစ်ကြောင်းက တပ်ဖွဲ့ဝင် သုံးဦးလည်း ပါဝင်တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောပါတယ်။
"အယောက် ၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်၊ အဲဒီအထဲမှာ အစ်ကိုတို့ ရဲဘော် သုံးယောက် ဒဏ်ရာရတယ်၊ ပြည်သူတွေ အထိများတယ်၊ သေတာတွေလည်းရှိတယ်"
အင်တာနက်နဲ့ ဖုန်းလိုင်းအခက်အခဲတွေကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
ဆိုရှယ်မီဒီယာအသုံးပြုတဲ့ ဒေသခံတွေနဲ့ ဒေသအခြေစိုက် သတင်းစာမျက်နှာတွေမှာတော့ ငပုအင်းရွာမှာ တိုက်ပွဲမရှိဘဲ ရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဆယ်ချီ သေဆုံးခဲ့တယ်လို့ ရေးသားကြပါတယ်။ စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ငပုအင်းရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အစည်းအဝေးလုပ်မယ့် သတင်းရတာကြောင့် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အယောက် နှစ်ဆယ်ကျော် ဒဏ်ရာရသွားခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တစ်ရက်တည်းမှာပဲ ငပုအင်းရွာအနီးမှာရှိတဲ့ လွှစင်ကုန်းရွာကိုလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိတယ်လို့လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁,၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃,၈၆၆ ဦး) အထိ ရှိနေပါတယ်။