ကျွန်းလှမြို့နယ် ဆင်စွယ်စခန်းတိုက်ပွဲ PDF ရှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက စစ်ကောင်စီတပ်ရဲ့ ဆင်စွယ်စခန်းကို နိုဝင်ဘာလ ၃ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့ချိန် PDF ဘက်က တပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးခဲ့တယ်လို့ ကျွန်းလှဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ကို တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက စစ်ကောင်စီတပ်ရဲ့ ဆင်စွယ်စခန်းကို နိုဝင်ဘာလ ၃ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စီးနင်း တိုက်ခိုက်ခဲ့ချိန် PDF ဘက်က တပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးခဲ့တယ်လို့ ကျွန်းလှဒေသခံတွေက RFA ကိုပြောပါတယ်။

နိုဝင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ အဲဒီဆင်စွယ်စခန်းကို ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးနဲ့ပစ်တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုပါ လုပ်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ အများအပြား ထိခိုက်သေဆုံးခဲ့ပေမယ့် အတိအကျတော့ မသိရဘူးလို့ ဒေသခံတွေကဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျွန်းလှဒေသခံတစ်ဦးကတော့ အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရှစ်ဦး သေဆုံးတယ်လို့ RFA ကိုပြောပါတယ်။

"ကန့်ဘလူ ၆၀၀၆ ဘက်ကလည်း ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ ဆယ်ချက်ကျော် လောက် ပစ်ကူပေးတယ်။ လေကြောင်းတိုက်ခိုက်မှုလည်း လုပ်ခဲ့တယ်။ အဲဒီလို အခြေအနေတွေကြောင့်ရော စခန်းဘက်က ပစ်တဲ့လက်နက်ရောကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရှစ်ဦးသေသွားတယ်"

သေဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ အသက် ၂၀ ကျော် လူငယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ သေဆုံးတဲ့ကိစ္စမှန်ကန်ပေမယ့် သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်ကို လုံခြုံရေးအခြေအနေအရ ပြောလို့မရနိုင်ဘူးလို့ RFA ကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဆင်စွယ်စခန်းကို ကန့်ဘလူခရိုင်တပ်ရင်း (၁) နဲ့ ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာလ ၃ ရက် စစ်ရေးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

နှစ်ဖက်ထိခိုက်သေဆုံးမှုတွေကိုတော့ သီးခြားဖော်ပြထားတာမရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်အထိ နိုင်ငံတစ်ဝန်းမှာ PDF ၁၅၁၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org