မဲပေးရာမှာ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌလုပ်ရပ်ကို ဒေသခံတွေကန့်ကွက်ကြ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာမှာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌက သူမဲပေးချင်တဲ့ပါတီကို တံဆိပ်နှိပ်ပေးလိုက်တယ်ဆိုပြီး ဒေသခံတွေက မကျေနပ်ကြဘဲ လူစုလူဝေးနဲ့ ကန့်ကွက်ခဲ့ကြပါတယ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြိုနယ် ကျွန်းရင်းရွာမှာ ကြိုတင်မဲကိစ္စနဲ့ပတ်သက်ပြီး ပြဿနာဖြစ်ပွားတာကြောင့် မြိုနယ်ကော်မရှင်က ရှင်းပြနေတာကို တွေ့ရစဉ် Photo: Soe Yar Zar

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာမှာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌက သူမဲပေးချင်တဲ့ပါတီကို တံဆိပ်နှိပ်ပေးလိုက်တယ်ဆိုပြီး ဒေသခံတွေက မကျေနပ်ကြဘဲ လူစုလူဝေးနဲ့ ကန့်ကွက်ခဲ့ကြပါတယ်။ မနေ့က အသက် ၆၀ နှစ်အထက်တွေကို ကြိုတင်မဲ ပေးခိုင်းရာမှာ အဖော်ပါလာသူတွေကို လိုက်ပါခွင့်မပေးဘဲ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌက သူကိုယ်တိုင် တံဆိပ်နှိပ်ပေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကြိုတင်မဲပေးသူ အယောက် ၄၀ မြောက်မှာတော့ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌဟာ မဲပေး သူတွေပေးခိုင်းတဲ့ ပါတီကိုမပေးဘဲ သူပေးချင်တဲ့ပါတီကို မဲပေးတယ်ဆိုပြီး မဲလာပေး သူတွေက လူစုလူဝေးနဲ့ ကန့်ကွက် တောင်းဆိုခဲ့ပါတယ်။ မြို့နယ်နဲ့ ခရိုင်ကော်မရှင်ရုံးအဖွဲ့ဝင်တွေ ရောက်လာပြီး ကျေးရွာကော်မရှင်အဖွဲ့ဝင်တွေကို အရေးယူပေးမှာဖြစ်သလို ကြိုတင်မဲပေးခဲ့တဲ့ လူ ၄၀ ကို လည်း ပြန်လည်မဲပေးခွင့်ပေးမယ်ဆိုပြီး ညှိနှိုင်းတာကြောင့် ပြေလည်မှုရခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရဲထွန်းဦးက ပြောပါတယ်။

ကျွန်းရင်းကျေးရွာပြဿနာမှာပါဝင်တဲ့သူတွေကို ခရိုင်ကော်မရှင်က ဒီနေ့လာရောက်စစ်ဆေးမယ်လို့ ပေါက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ဇင်မာသက်က ပြောပါတယ်။ ကျွန်းရင်းကျေးရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိကာ မဲပေးခွင့်ရှိသူ ၁၇၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org