ရခိုင်မြောက်ပိုင်းမှာ အရပ်သားများ အကာအကွယ်မဲ့နေ

အချိန်တစ်နှစ်ကျော်ကြာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ အရပ်သားတွေ သေဆုံးဒဏ်ရာရတာ၊ အိုးအိမ်တွေ ပျက်စီးတာတွေဟာ နေ့စဉ်လိုလိုရှိနေပြီး အကာအကွယ်မဲ့နေဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေကို ၂၀၁၉၊ နိုဝင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - မင်းသိန်းအောင်/ RFA

မြောက်ဦးမြို့နယ်အရှေ့ဘက် ကျောက်တွင်းကုန်းကျေးရွာနဲ့ နှစ်ဖာလုံလောက်အကွာမှာ ဒီနေ့မနက်က တပ်မတော်စစ်ကြောင်းကို အေအေအဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာကနေ ပစ်ခတ်မှုတွေ ပေါ်ပေါက်လာတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်တွင်းကုန်း ကျေးရွာသားတစ်ဦးက ပြောပါတယ်။

“ပိုးဖြူကျွန်းရွာမှာ တပ်မတော်စစ်ကြောင်းက နားတယ်။ ပန်းမြောင်းရွာဘက်ကို စက်လှေနဲ့ကူးတာပေါ့။ ပထမစက်လှေက လူ ၅၀ လောက်ပို့ပြီးတော့ ပြန်လာတာပေါ့။ နောက်တစ်စီးအသွားမှာတော့ ပေါက်ကွဲသံကို ဒီကနေ ကြားရတယ်ပေါ့နော်။ အဲဒီလိုပေါက်ကွဲသံကြားတာနဲ့ တစ်ပြိုင်နက်တည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ကြတာပေါ့။ ရွာသားတွေဆီကိုတော့ မထိဘူး။ အိမ်တွေဘာတွေကိုတော့ ထိသွားတယ်။ သူတို့က ပေါက်ကွဲသံထွက်တဲ့ဘက်ကို လှမ်းပစ်တယ်လို့ထင်တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ရွာဘက်ကိုလည်း ကျည်တွေဘာတွေက လာကျပါတယ်။ ရွာသားတွေကတော့ အကုန်လုံးပုန်းနေကြတာပေါ့”

ရွာရဲ့အရှေ့ဘက်ကမ်း ပန်းမြောင်းဘက်မှာ တပ်စွဲထားတဲ့ တပ်မတော်ဘက်က လက်နက်ကြီး ပစ်ကူပေးတာတွေ ရှိခဲ့ပြီး ကျောက်တွင်းကုန်းနဲ့ ရွာချင်းကပ်နေတဲ့ ပိုးဖြူကျွန်း၊ မြရိပ်ကျွန်းစတဲ့ကျေးရွာတွေက ရွာသားအချို့ ကြောက်လန့်ထွက်ပြေးခဲ့ရပါတယ်။

ဒီမနက်ကဖြစ်စဉ်ကြောင့် ပန်းမြောင်း အထက်တန်းကျောင်းမှာ ဒီနေ့စတင်စစ်ဆေးရမယ့် အလယ်တန်းနဲ့ နဝမတန်း စာမေးပွဲတွေကိုပါ ရပ်ဆိုင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပုံမြို့နယ် စညှင်းကျေးရွာမှာ ၁၁ ရက်လောက်အထိ ကြာမြင့်လာပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဒေသခံကျေးရွာသားတွေ အခက်တွေ့နေပါတယ်။

တပ်မတော်ပြောခွင့်ရသူတွေက တပ်မတော်ဟာ အရပ်သားတွေနစ်နာအောင် မလုပ်ဘူးလို့ ပြောဆိုထား ကြပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့လက စညှင်းကျေးရွာဘက်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေးသွားကြချိန် တပ်မတော်က ရွာထဲဝင်ရောက်ပြီး နေအိမ်တွေက ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။

အခုတော့ အရင်လိုဖျက်ဆီးခံရမှာကို စိုးရိမ်လို့ ထွက်မပြေးဘဲ နေကြရာကနေ စားဝတ်နေရေး အခက်အခဲတွေ အထိ ကြုံတွေ့နေရတယ်လို့ စညှင်းရွာခံ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ရွှေသန်းအေးက ပြောပါတယ်။

“ရွာမှာလူမရှိရင် သူတို့ဝင်လာတယ်။ တွေ့တဲ့ဟာကိုဖျက်ဆီးတယ်။ ဒါကြောင့် ထွက်မပြေးဘဲ ကုပ်ကပ်ပြီး နေကြရပါတယ်။ မနေ့ကဆိုရင် တိုက်ပွဲက ရွာနားလေး တစ်မိုင်လောက် အကွာမှာဖြစ်တာ။ လက်နက်ကြီးတွေ က ရွာအနီးပတ်လည် တဂျိန်းဂျိန်းနဲ့ လာကျပါတယ်။ ဒီနေ့မနက်ကလည်း လက်နက်ကြီးတွေဟာ ရွာနားတွေ ကို လာကျပါတယ်။ အဲဒီလက်နက်ကြီးတွေကို ကြောက်နေရလို့ ဗုံးခိုကျင်းတွေထဲ ဝင်ပြီးပုန်းနေကြရတယ်။ ချောင်းထဲလည်းမဆင်းရ၊ တောင်တွေကိုမသွားရနဲ့ ဘယ်မှမသွားမလာရနဲ့ အစားအသောက်အခက်အခဲတွေ ကြုံနေရပါတယ်”

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကနေ ဒီနေ့အထိ ရခိုင်စစ်ရေးကာလမှာ အရပ်သားသေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာ ရသူပေါင်း ၃၀၀ ကျော်အထိရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)က ပြောဆို ထားပါတယ်။

RFA က ရရှိခဲ့တဲ့အချက်အလက်တွေအရလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်ကနေ မနေ့က မတ်လ ၃ ရက်နေ့ အထိ အချိန် ၇ ရက်အတွင်းမှာ သေဆုံးတဲ့အရပ်သား ၁၄ ဦးနဲ့ ဒဏ်ရာရသူ ၂၅ ဦးထက် မနည်းရှိနေပါတယ်။

ဒီအထဲကဖြစ်စဉ်အများဆုံးဟာ တပ်မတော်ရဲ့လက်ချက်ကြောင့်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် တပ်မတော်ဘက်ကတော့ ငြင်းဆိုထားကြပါတယ်။

ရခိုင်စစ်ရေးကာလတစ်လျှောက် အရပ်သားတွေ ထိခိုက်မှုအတွက် လက်နက်ကိုင် နှစ်ဖွဲ့စလုံးမှာ တာဝန်ရှိတယ်လို့ ထောက်ပြသူက ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ပါ။

“တချို့တိုက်ပွဲတွေက ကျွန်တော်တို့ ကြားနေရတာရှိပါတယ်။ ကျေးရွာတွေနဲ့ အနီးအနားတွေမှာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်တာမျိုးတွေကိုလည်း ကြားရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့လည်းပဲ တိုက်ပွဲတွေကို ဖော်ဆောင်တာရော၊ စစ်ကြောင်းလှုပ်ရှားတာတွေရော အရပ်သားပြည်သူတွေ နေထိုင်တဲ့ကျေးရွာနဲ့ အနီးအနားမှာ မဖော်ဆောင်သင့်ပါဘူး။ ဆိုတော့ အကုန်လုံးဘက်မှာတော့ တာဝန်တွေရှိနေတာပါ”

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခက အရပ်သားတွေရဲ့နေရာအနီးမှာ တိုက်ပွဲဖော်တာ မရှိဘူးလို့ RFA ကို ယခင်က ပြောဆိုဖူးပါတယ်။

အေအေအဖွဲ့အနေနဲ့ အရပ်သားတွေကို အတတ်နိုင်ဆုံး အကာအကွယ်ပေးတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

“ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့ရဲ့ အရပ်သားပြည်သူတွေကို ကျွန်တော်တို့တတ်နိုင်သလောက် တော့ ကျွန်တော်တို့ အကောင်းဆုံးအကာအကွယ်ပေးသွားဖို့ ကျွန်တော်တို့မှာ စီစဉ်ပြီးသားရှိတယ်။ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ တိုက်ပွဲနဲ့မဆိုင်တဲ့ အခုလို အရပ်သားပြည်သူတွေကို လူမျိုးရေးအရ အငြိုးအတေးတွေအပေါ်မှာ အခြေခံပြီးတော့ သတ်ဖြတ်နေတဲ့ဥစ္စာတွေကို နောက်ထပ်ဆက်လက်ပြီးတော့ ကျူးလွန်လာမယ်ဆိုလို့ရှိရင်တော့ ရခိုင်တွေဘက်ကလည်းပဲ သည်းခံနိုင်တဲ့အတိုင်းအတာ ကုန်သွားလို့ရှိရင် တော့ တန်ပြန်သက်ရောက်မှုတွေက အများကြီးဖြစ်လာနိုင်တယ်ဆိုတာတော့ ကျွန်တော်တို့က မြန်မာစစ်တပ် နဲ့ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်းသတိပေးလိုတာရှိတယ်”

တပ်မတော်ပြောခွင့်ရသူတွေကလည်း အရပ်သားတွေ ထိခိုက်မှုမရှိအောင် တပ်မတော်က စည်းမျဉ်းစည်းကမ်းတွေ နဲ့အညီ ဆောင်ရွက်နေတာလို့ ပြောဆိုထားကြပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်ဟာ အေအေအဖွဲ့ စတင်ပစ်ခတ်တဲ့နေရာကို ပြန်လည်ပစ်ခတ်တာလို့ RFA ကို မနေ့ကပြောပါတယ်။

“တိုက်ပွဲမဖြစ်ဘဲနဲ့ ဘယ်တပ်ကမှ ကျည်ဆံအကုန်ခံပြီး ပစ်မှာမဟုတ်ဘူး။ ဒါကရှင်းရှင်းလေးရယ်။ တိုက်ပွဲဖြစ်လို့ ပစ်ခတ်တာတွေပဲရှိတယ်။ လမ်းဘေးတစ်လျှောက်မှာ ဖြစ်ခဲ့တာတွေရော မိုင်းထောင်မိုင်းဆွဲ တိုက်ခိုက်တာတွေရောသည် သူတို့ဆီကနေစခဲ့လို့ ဖြစ်ခဲ့တဲ့ဇာတ်လမ်းတွေပဲဖြစ်တယ်။ တပ်မတော်အနေနဲ့ ကတော့ လာပစ်ရင်တော့ ပြန်ပစ်မှာပဲ။ ပစ်တဲ့နေရာကို ပြန်လည်ပစ်ခတ်ရမှာပဲဖြစ်တယ်”

လက်တွေ့ မြေပြင်အခြေအနေတွေမှာတော့ ရခိုင်စစ်ရေးကာလတစ်လျှောက်မှာ အရပ်သားတွေအပေါ်  ထိခိုက်မှုကတော့ နေ့စဉ်လိုလိုရှိနေတာပါ။

အရပ်သားတွေ ထိခိုက်မှုနဲ့ပတ်သက်ပြီး အစိုးရဘက်ကရော၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကပါ အလေးထားပြောဆိုတာ မတွေ့ရပါဘူး။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ရှေ့နေ ဦးဇော်ဇော်မင်းကတော့ အရပ်သားတွေအပေါ်  ထိခိုက်တာတွေ လျှော့ချနိုင်ဖို့ အေအေ အဖွဲ့နဲ့ ပြေလည်အောင်ဆွေးနွေးဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။

“လက်နက်ကိုင်အဖွဲ့တွေကို တပ်မတော်ဘက်က ဆွဲခေါ်သင့်တယ်။ အစိုးရဘက်ကလည်း ဒီဟာကို တတ်နိုင်တဲ့ဘက်က ညှိပြီးတော့လုပ်စေချင်တယ်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီကို ခေါ်ပြီးမှသာလျှင် ဒီဟာက အေးချမ်းလာမယ်လို့ ကျွန်တော်တို့မြင်တယ်။ စစ်ဆင်ရေးကာလထဲမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေ၊ သံသယနဲ့ဖမ်းဆီးခံရမှုတွေ တော်တော်လေး ဆိုးရွားနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီစစ်ဆင်ရေးတွေဟာ ပြည်သူတွေနဲ့ ဒီနိုင်ငံအတွက် ကောင်းတဲ့အရာတွေ မဟုတ်ဘူးလို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်”

စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ တစ်သိန်းသုံးသောင်းနီးပါး တိုးလာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org