လိုင်ဇာမှာ တစ်လအတွင်း ငှက်ဖျားပိုးတွေ့သူ ၁၃၀၀ ကျော်လာ

လိုင်ဇာမြို့ပေါ်နဲ့ အနီးတစ်ဝိုက် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဇွန်လတစ်လအတွင်း ငှက်ဖျားပိုးတွေ့လူနာ ၁၃၃၂ ဦးထိရှိလာပါတယ်။

လိုင်ဇာပြည်သူ့ဆေးရုံ ပြင်ပလူနာဆောင်တွင် ဆေးလာပြသည့် လူနာများအား ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် တည်ရှိတဲ့ လိုင်ဇာမြို့ပေါ်နဲ့ အနီးတစ်ဝိုက် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဇွန်လတစ်လအတွင်း ငှက်ဖျားပိုးတွေ့လူနာ ၁၃၃၂ ဦးထိရှိလာတယ်လို့ KIO ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း ငှက်ဖျားပိုးတွေ့လူနာ ၂၈၀၀ ဝန်ကျင်းသာရှိခဲ့ပြီး ဇွန်လတစ်လတည်းမှာတင် စာရင်းစုစုပေါင်းရဲ့ တစ်ဝက်နီးပါးထိ အရေအတွက် မြင့်တက်လာတာပါ။

ဒါဟာ လိုင်ဇာမြို့ပေါ်က ပြည်သူ့ဆေးရုံ အပါအဝင် မြို့နဲ့အနီးတစ်ဝိုက် ဒုက္ခသည် စခန်းတွေနဲ့ ဆေးခန်း စုစုပေါင်း ၁၉ နေရာကနေ ပြုစုထားတဲ့စာရင်းဖြစ်ပါတယ်။

လိုင်ဇာမြို့ပေါ်က ပြည်သူ့ဆေးရုံမှာတော့ ၂၀၂၃ ဇန်နဝါရီလကနေ ဇွန်လအထိ ငှက်ဖျားပိုးတွေ့တဲ့လူနာ ၁၅၀၀ ကျော်ရှိပြီး အဲဒီအထဲက ဇွန်လ တစ်လအတွင်းမှာပဲ ငှက်ဖျားပိုးတွေ့လူနာ ၇၀၆ ဦးရှိတယ်လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဇွန်လကုန်ပိုင်း နောက်ဆုံးပတ်တစ်ပတ်အတွင်းမှာပဲ ၂၀၄ ယောက် ပိုးတွေ့တယ်။ ဒီတစ်ပတ်က ၁၄၀ ကျော်တွေ့တယ်။ အဲရှေ့မှာလည်း အဲလောက်မများဘူး။ မေလပိုင်းလောက်က စများလာတာဇွန်လက အများဆုံးပဲ။ အခုလကတော့ နည်းနည်းတော့ပြန်ကျလာတယ်။ ဖြစ်တာအများပိုင်းကတော့ သွားလာတဲ့ လူငယ်တွေဖြစ်တာများတယ်”

လိုင်ဇာအနီးက ဝေကျိုင် စစ်ဘေးဒုက္ခသည်စခန်း၊ ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းနဲ့ ဖုန်လွမ်ယန်စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း ဇွန်လကစပြီး ငှက်ဖျားပိုး တွေ့သူတွေအပြင် တုပ်ကွေးဖျားနာဖြစ်သူတွေလည်း များပြားလာတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ဝေကျိုင် စစ်ဘေးဒုက္ခသည်စခန်းက အမျိုးသမီးတစ်ဦးကတော့ မိသားစုထဲမှာရှိတဲ့ ကျောင်းနေအရွယ် ကလေးအားလုံး ဖျားနားနေတယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ဆီမှာလည်း တော်တော်ဖျားကြတယ်။ လူကြီးတွေရော၊ ကလေးတွေရော အကုန်ပဲ။ကျွန်မတို့ အိမ်မှာလည်း ကိုးယောက်ရှိတာ ကလေးတွေ အကုန်ဖျားနေ ကြတယ်၊ ကျောင်းတောင် မသွားနိုင်ဘူး။ ဆေးရုံသွားပြီး ဆေးတွေတော့စားနေတယ်”

ငှက်ဖျားပိုးတွေ့နှုန်းများလာတဲ့အတွက် လိုင်ဇာမြို့ပေါ်ရပ်ကွက်တွေမှာ ခြင်နှိမ်နင်းရေး လုပ်ငန်းတွေကို အခုဇူလိုင်လကစပြီး စနစ်တကျပြန်လည်လုပ်ဆောင်နေတယ်လို့ KIO ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org