လိုင်ဇာပစ်ခတ်ခံရမှု AA တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရ

လိုင်ဇာမြို့ ပစ်ခတ်ခံရမှုအတွင်း ရက္ခိုင့်တပ်တော် (AA) တစ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့တယ်လို့ AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာအနီးရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်တွင် KIA တပ်ဖွဲ့ဝင်တချို့အား ၂၀၁၈ ခုနှစ်၊ မေလ ၂ ရက်နေ့က တွေ့ရစဉ်။

ကချင်ပြည်နယ် လိုင်ဇာမြို့ ပစ်ခတ်ခံရမှုအတွင်း ရက္ခိုင့်တပ်တော် (AA) တစ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့တယ်လို့ AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းက လိုင်ဇာမြို့အနီး မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်း ဖျက်အားပြင်းဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ကလေးသူငယ် ၁၁ ဦး အပါအဝင် ဒုက္ခသည်အရပ်သား ၂၉ ဦးသေဆုံးပြီး ၅၇ ဦး ဒဏ်ရာ ရခဲ့ကြပါတယ်။

အဲဒီတစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဟာ လိုင်ဇာမှာရှိတဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တပ်စခန်းတစ်ခုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင်တွေ အခုလို သေဆုံး၊ ဒဏ်ရာရသွားတာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တာနဲ့ ရာဇဝတ်မှုတွေကို ထင်ထင်ရှားရှား ကျူးလွန်နေတာလို့လည်း ထည့်သွင်းရေးသားထားပါတယ်။

ဒါကြောင့် AA၊ TNLA နဲ့ MNDAA တို့ ညီနောင်မဟာမိတ် သုံးဖွဲ့အနေနဲ့ တရားမျှတမှုရရှိရေး ကချင်ပြည်သူလူထု၊ ကချင်လွတ်လပ်ရေးအဖွဲ့ အပြင် (KIO/KIA) နဲ့အတူပါ ရပ်တည်နေတယ်လို့လည်း ဆိုပါတယ်။

AA တပ်ဖွဲ့ဝင်တွေ သေဆုံး၊ ဒဏ်ရာရတာနဲ့ပတ်သက်လို့ တိတိကျကျသိရဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။

ဒီဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေနဲ့ KIA ဘက်ကပြောဆိုပေမဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါ့အပြင် လိုင်ဇာဖြစ်ရပ်ဟာ သူတို့လက်ချက်မဟုတ်ဘဲ အမိုနီယမ်နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့်ဖြစ်တာလို့ အောက်တိုဘာလ ၁၁ ရက် ဒီနေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း လိုင်ဇာမှာရှိတဲ့ AA တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး သေဆုံးပြီး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org