စုမဲငွေကိစ္စ လမိုင်းမြို့နယ်ခွဲမှာ သုံးရက်ကြာ လူစုလူဝေးဖြစ်
မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲမှာ စုမဲငွေဒိုင် နှစ်ဦးက ငွေသိန်းပေါင်း သောင်းချီ လိမ်လည်တယ် ဆိုပြီး ထောင်နဲ့ချီတဲ့ လူအုပ်ကြီးဟာ ဒီနေ့မနက်ပိုင်းအထိ ၃ရက်ကြာ စုဝေးခဲ့ကြပြီး နေအိမ် ၄ လုံးကို မနေ့က ဖျက်ဆီးခဲ့ပါတယ်။
-
2019-05-23 -
-
-
Your browser doesn’t support HTML5 audio
မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲမှာ စုမဲငွေဒိုင် နှစ်ဦးက ငွေသိန်းပေါင်း သောင်းချီ လိမ်လည်တယ်ဆိုပြီး ထောင်နဲ့ချီတဲ့ လူအုပ်ကြီးဟာ ဒီနေ့မနက်ပိုင်းအထိ ၃ရက်ကြာ စုဝေးခဲ့ကြပြီး နေအိမ် ၄ လုံးကို မနေ့က ဖျက်ဆီးခဲ့ပါတယ်။
ဒီလိုလူစုလူဝေးဖြစ်နေပေမယ့် အာဏာပိုင်တွေဘက်က ထိရောက်တဲ့ တားဆီးမှုတွေမရှိခဲ့တာကြောင့် ဝေဖန်မှုတွေရှိခဲ့ပါတယ်။
ဒီနေ့မှာတော့ စုမဲငွေဒိုင်နှစ်ဦးရဲ့ နေအိမ်အနီးမှာ ရဲအင်အား ၁၀၀ ကျော်လုံခြုံရေးချထားပေးတယ်လို့ လမိုင်းအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။
လမိုင်းမြို့နယ်ခွဲနဲ့ မော့ကနင်ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မေလ ၂၀ရက်နေ့လောက်စပြီး စုမဲငွေဒိုင် နှစ်ဦးဟာ ငွေသိန်းပေါင်း သောင်းချီလိမ်လည်တယ်ဆိုပြီး စုမဲငွေထည့်ဝင်ထားတဲ့ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးက လူစုလူဝေးနဲ့ ဆူပူခဲ့တာဖြစ်ပါတယ်။
ဒီငွေစုဒိုင်နှစ်ဦးထဲက ပြန်ပေးဖို့ ငြင်းဆန်ခဲ့သူတစ်ဦးရဲ့ နေအိမ်နဲ့ သူ့ရဲ့ဆွေမျိုးအိမ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ နေအိမ်တွေ စုစုပေါင်း အိမ် ၄လုံးကို ထောင်နဲ့ချီတဲ့လူအုပ်က မနေ့က ဝင်ရောက်ဖျက်စီးတာတွေ၊ ပစ္စည်းတွေ ယူဆောင်တာတွေရှိခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ဒီနေ့မှာစုမဲဒိုင်နှစ်ဦးထဲက တစ်ဦးက ပြန်ပေးဖို့ ငြင်းဆန်နေတာကြောင့် ရဲစခန်းမှာထိန်းသိမ်းထားပြီး တစ်ဦးကတော့ ပြန်ပေးမယ်ပြောတာကြောင့် သူ့ရဲ့နေအိမ်ရှေ့မှာ စုမဲထည့်ထားသူတွေက လူစုလူဝေးနဲ့ စောင့်ဆိုင်းနေကြတယ်လို့ လမိုင်းအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။
မနေ့ကညပိုင်းကလည်း မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး အပါအဝင် ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး၊ ပြည်နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေဟာ လူစုလူဝေးကို သွားရောက်ထိန်းသိမ်းခဲ့ပါတယ်။
ဒီစုမဲငွေထည့်ဝင်တဲ့ကိစ္စမှာ ဒိုင်ချုပ်ဟာ ရန်ကုန်မှာရှိပြီး လမိုင်းမြို့မှာ ဒိုင်ခွဲနှစ်ခုရှိကာ လမိုင်း၊ မော့ကနင်၊ ကော့ဒွတ်နဲ့ သောင်ပြင် စတဲ့ကျေးရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေက သိန်းသောင်းချီ ထည့်ဝင်ထားတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။