မြေလွတ်မြေလပ် မြေရိုင်း ဥပဒေကြမ်း ဆွေးနွေး

အမှန်တကယ်စိုက်ပျိုးခြင်းမရှိဘဲ မြေလွတ် မြေလပ်တွေ ရယူထားတဲ့ ကုမ္ပဏီတွေရှိတဲ့အတွက် ပြန်လည်စိစစ်သွားမယ်လို့ ဗန်းမော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း က ဒီနေ့ ပြောပါတယ်။

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောကွင်း၊ မဂျွယ်ခန်းမမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့က မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ် Photo: Kyaw Myo Min/ RFA

အမှန်တကယ်စိုက်ပျိုးခြင်းမရှိဘဲ မြေလွတ် မြေလပ်တွေ ရယူထားတဲ့ ကုမ္ပဏီတွေရှိတဲ့အတွက် ပြန်လည်စိစစ် သွားမယ်လို့ ဗန်းမော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း က ဒီနေ့ ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေမူကြမ်းကို ပြည်နယ်အတွင်းက တောင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဦးဇော်သင်းက ပြောခဲ့တာဖြစ်ပါတယ်။

"အချို့သောကုမ္ပဏီများဟာ မြေများကို လက်တွေ့စိုက်ပျိုးခြင်းမရှိဘဲ ရယူထားတာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ အဲဒီကိစ္စရပ်အားလုံးကို ပြန်လည်စိစစ်ပြီး ကျနော်တို့ ကချင်ပြည်နယ်အစိုးရအနေနဲ့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ မြေလွတ်၊ မြေရိုင်းများနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်မြေလွတ်၊ မြေရိုင်းများ ဖော်ထုတ်ရေး ဥပဒေကြမ်းကို ရေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ မိမိတို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဟာ ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို မျှော်ကိုးပြီး ဒေသနဲ့ ဆီလျော်သည့် ဥပဒေများကို ပြဋ္ဌာန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်"

၂၀၁၇ ခုနှစ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းအပေါ် ကျွမ်းကျင်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ အမြင်သဘောထားတွေကို တောင်သူတွေ သိရှိနိုင်ဖို့နဲ့ တောင်သူတွေရဲ့ အမြင်သဘောထားတွေကို ထုတ်ဖော်တင်ပြနိုင်ဖို့ ဆွေးနွေးကြတာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ စိုင်းသိန်းအောင် က ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲကို Oxfam ၊ မေတ္တာဖောင်ဒေးရှင်း၊ ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ KCWG နဲ့ ဒေသတွင်းက အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ပူတာအို စတဲ့ ခရိုင် ၄ ခုက ရှမ်း၊ ကချင်၊ ဗမာ စတဲ့ ဒေသခံတောင်သူ စုစုပေါင်း အယောက်တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org