ကွတ်ခိုင်မိုင်းကွဲမှုမှာ ဒဏ်ရာရသွားတဲ့ ကလေးခြောက်ဦးထဲက တစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ လွိုင်ဆမ်ဆစ်တောင်အနီးက ခိုတင်ကျေးရွာမှာ ဇူလိုင်လ ၃၀ ရက် မနေ့ညနေပိုင်းက မိုင်းတစ်လုံးပေါက်ကွဲလို့ ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးငယ် ငါးဦး ဒဏ်ရာရသွားပါတယ်။

ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာတွင် ဇူလိုင်လ ၃၀ ရက်နေ့ညနေက မိုင်းပေါက်ကွဲပြီး ဒဏ်ရာရခဲ့သည့် ကလေးငယ်များကို လားရှိုးမြို့ဆေးရုံသို့ ပို့ဆောင်စဉ်။ Photo: Khan Thar/RFA

ကလေးငယ်ခုနှစ်ယောက်စုပြီး နေအိမ်မှာ ဆော့ကစားနေကြချိန်မှာ မိုင်းပေါက်ကွဲတာဖြစ်ပြီး တစ်ဦးဟာ ကွတ်ခိုင်ဆေးရုံမှာတင် သေဆုံးသွားခဲ့ပြီး ငါးဦးကတော့ ဒဏ်ရာရသွားတယ်လို့ ကလေးတွေရဲ့အဖိုးဖြစ်သူ ဦးအိုင်ဖူးက ပြောပါတယ်။

တအာင်းပလောင်တိုင်းရင်းသားတွေဖြစ်ကြပြီး အဲဒီထဲမှာ ငါးနှစ်အရွယ် မိန်းကလေး ကိန်းခမ်းဆိုသူက ခေါင်းမှာရတဲ့ဒဏ်ရာနဲ့ ဇူလိုင် ၃၀ ရက်နေ့ညမှာပဲ ကွတ်ခိုင်ဆေးရုံမှာ သေဆုံးသွားခဲ့တာပါ။ ဒဏ်ရာရကလေးတွေရဲ့ မိဘတွေဟာ မိုင်းလားမှာ အလုပ်သွားလုပ်နေကြတာကြောင့် ကလေးတွေဟာ အဘိုး၊ အဘွားတွေနဲ့ အတူနေကြတာလို့ ဆိုပါတယ်။

ကလေးတွေဒီလိုဖြစ်တဲ့အပေါ်  ယူကျုံးမရဖြစ်ရတယ်လို့ ကလေးတွေရဲ့ အဖွားဖြစ်သူ ဒေါ်အေးအီက တအာင်း ဘာသာစကားနဲ့ပြောပါတယ်။

“ကျွန်မတို့က အသက်ကြီးပြီ။ အလုပ်မလုပ်နိုင်တော့ဘူး သားသမီးတွေ စီးပွားရှာပါစေဆိုပြီး အဝေးမှာ အလုပ်လုပ်ဖို့ သွားခိုင်းတာ။ ကျွန်မတို့က ကလေးထိန်းပေါ့၊ အခု ဒီလိုဖြစ်တော့ကလေးတွေအတွက် ယူကျူံးမရဖြစ်ရတယ်” လို့ ပြောသွားတာပါ။

မိုင်းပေါက်ကွဲမှုဖြစ်တဲ့ ရွာနေအိမ်အနီးမှာ ၂၀၁၉ ဇူလိုင်လ ၇ ရက်လောက်က တပ်မတော်ဘက်က တပ်မ ( ၉၉) တပ်တွေ လာရောက်ခဲ့ဖူးပြီး အဲဒီညပိုင်းမှာ စခန်းချနေသူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့  အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ဘူးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မိုင်းပေါက်ကွဲမှုကြောင့် အသက် ငါးနှစ်အရွယ်တွေဖြစ်တဲ့ မိန်းကလေး လွေးအေးလောင်နဲ့ ယောကျာ်းလေး မိုင်းအောင်နိုင်၊ အသက်ခုနှစ်အရွယ် မိုင်းကျော်ထွန်းတို့ သုံးဦးကို အဲဒီနေ့ ညပိုင်းမှာ လားရှိုးဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။ ကျန်နှစ်ယောက်ကို ကွတ်ခိုင်ဆေးရုံမှာပဲ ဆေးကုသမှုပေးနေချိန်မှာ လွေးကိန်ခမ်း သေဆုံးခဲ့ပါတယ်။

လွေးကိန်ခမ်းရဲ့ အလောင်းကို ကျေးရွာအပြင်မှာ ထားရှိပြီး မိဘတွေလာရင် ရွာမှာပဲ သင်္ဂြိုလ်မယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇူလိုင်လအတွင်း  မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်မှု အများအပြား ရှိနေပါတယ်။ ကွတ်ခိုင်မြို့နယ် ပန်ကိုင်ကျေးရွာအုပ်စု နမ့်ခွမ်ရွာမှာ ဇူလိုင် လ ၈ ရက်နေ့က တောင်ယာလုပ်ငန်းခွင်မှာ စစ်လက်နက် ကျည်ဟောင်းတစ်လုံးကွဲလို့ ခုနှစ်ဦး ဒဏ်ရာရခဲ့သလို ဇူလိုင် လ ၁၀ ရက်နေ့မှာ သိန္နီမြို့နယ် ပန်တီးကျေးရွာက အမျိုးသားတစ်ဦး ကျောက်တုံး သယ်နေချိန်မှာ မိုင်းဟောင်း ပေါက်ကွဲလို့ ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာက ဝါးခုတ်သွားတဲ့ အမျိုးသား တစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာပြင်းထန်စွာ ရခဲ့ပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်း ငါးနာရီလောက်က ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် လော့နော်ကျေးရွာမှာ မိုင်းနင်းမိတာကြောင့် ရဟန်းတစ်ပါးနဲ့ ရွာသားတစ်ဦး သေဆုံးခဲ့ပြီး ကိုရင်တစ်ပါး မိုင်းစထိမှန်ဒဏ် ရာရခဲ့ပါသေးတယ်။

ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် ပါနင်ကျေးရွာက ကျွဲရောင်းဖို့သွားတဲ့ အသက်၂၉ နှစ်အရွယ် ပါနင်ကျေးရွာသား မိုင်းအိုက်ဝေါင်းဟာ မန်လွယ်ရွာအနီးမှာ မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။ ကျောက်မဲမြို့နယ် ကျောင်းကုန်းရွာအနီးတောင်ယာမှာ မိုင်းဟောင်းတစ်လုံး ကွဲလို့ အသက် ၅၉ နှစ်အရွယ် ဦးကြင်မောင်ဆိုတဲ့ အမျိုးသားတစ်ဦး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

မိုင်းပေါက်ကွဲတဲ့နေရာတွေဟာ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တပ် အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ လှုပ်ရှားတဲ့နေရာတွေဖြစ်ပြီး တိုက်ပွဲ မကြာခဏ ဆိုသလို ဖြစ်တတ်တဲ့နေရာတွေပါ။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်တိုင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပြန်အလှန် စွပ်စွဲမှုတွေကိုသာ တွေ့ရပြီး အရပ်သားတွေကတော့ အမြဲလို နစ်နာမှု ရှိနေတာပါ။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၃၀ ရက်အထိ တစ်လအတွင်းမှာ RFA ပြုစုထားတဲ့ စာရင်းအရ မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကနေ ပေါက်ကွဲလို့ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီမြို့နယ်တွေမှာ ထိခိုက်ဒဏ်ရာရမှု ခုနှစ်ကြိမ် ရှိခဲ့ပြီး ရဟန်းတစ်ပါး ပျံလွန်တော်မူခဲ့သလို အရပ်သား သုံးဦး သေဆုံးခဲ့ပြီး ဆယ့်ငါးဦး ဒဏ်ရာရခဲ့ပြီဖြစ်ပါတယ်။

အဲဒီထဲမှာ ကွတ်ခိုင်မြို့နယ်မှာ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှုက အကြိမ်ရေ အများဆုံးဖြစ်ပြီး ထိခိုက်သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ ပိုများလာတာကို တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org