အမ်းမှာ မြေမြှုပ်မိုင်းကြောင့် လူငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရ

ဒါးလက်ချောင်းအနောက်ရွာက အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦး ဖေဖော်ဝါရီလ ၆ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

အမ်းမြို့နယ် ဒါးလက်ချောင်းဒေသမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၀ ပြည့်နှစ်က တွေ့ရစဉ်။ Citizen Journalist

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်ချောင်းအနောက်ရွာက အသက် ၂၀ ဝန်းကျင် လူငယ်အမျိုးသားတစ်ဦး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိ တာကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သီဟိုဠ်ပင်စိုက်ထားတဲ့ တောင်ကုန်းတစ်နေရာမှာ သီဟိုဠ်စေ့ကောက်ဖို့သွားချိန် မိုင်းနင်းမိခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နာမည်က ကိုဦးဆန်းကြည်တဲ့။ သီဟိုဠ်စိုက်ထားတဲ့နေရာမှာ ချုံရှင်းပြီး သီဟိုဠ်စေ့ကောက်ဖို့ သွားတာ။ အဲဒီမှာ မိုင်းထိပြီး မျက်နှာနဲ့ ခြေလက်တွေ ထိခိုက်သွားတယ်”

ဒဏ်ရာပြင်းထန်ပေမယ့် လက်ရှိမှာတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ဒေသခံက ဆိုပါတယ်။

မိုင်းနင်းမိတဲ့နေရာမှာ စစ်ကောင်စီတပ်ရော ရက္ခိုင့်တပ်တော် (AA) ပါ စခန်းချခဲ့ဖူး တာကြောင့် ဘယ်အဖွဲ့ရဲ့ မိုင်းလဲဆိုတာတော့ တိတိကျကျမသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးလှသိန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ လက်ရှိတိုက်ပွဲရပ်နေပေမယ့် မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်နေရတာကြောင့် မပေါက်ကွဲဘဲ ကျန်နေသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပေးဖို့ တောင်းဆိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် တွေမှာ စစ်ကောင်စီတပ်နဲ့ AA တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်း တွေကြောင့် အရပ်သား ၄၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀၆ ဦး ရှိပါတယ်။  

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org