ရှမ်းမြောက်မှာ မိုင်းကြောင့် တစ်လအတွင်း သုံးဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

RFA က ကောက်ယူထားတဲ့စာရင်းတွေအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မတ်လအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ခဲ့ရသည့် နမ္မတူမြို့ခံတစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ RFA

RFA က ကောက်ယူထားတဲ့စာရင်းတွေအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မတ်လတစ်လအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေကြောင့် အရပ်သားသုံးဦး သေဆုံးပြီး၊ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ဒီဒေသတွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေ ကျန်ရှိနေတာပါ။

မြေမြှုပ်မိုင်းကြောင့် ကွတ်ခိုင်မြို့နယ်မှာ အမျိုးသားနှစ်ဦးသေဆုံးပြီး၊ နမ္မတူမြို့နယ်မှာတော့ လက်နက်အကြွင်းအကျန်ကို ဆော့ကစားမိတဲ့ ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။

ကိုယ်လက်အင်္ဂါဆုံးရှုံးမှုတွေအပါအဝင် ဒဏ်ရာရသူတွေကတော့ ကွတ်ခိုင်မြို့နယ်မှာ ရှစ်ဦး၊ နမ္မတူမြို့နယ်မှာ တစ်ဦး၊ ဟိုပန်မြို့နယ်မှာ တစ်ဦး၊ နမ့်ခမ်းမြို့နယ်မှာ တစ်ဦးရှိခဲ့ပါတယ်။

ဒီဒေသတွေမှာ မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေ ရှင်းလင်းဖို့နဲ့ မိုင်းအသိ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ ပြောခွင့်ရသူက RFA ကို ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကတော့ သူတို့ သိမ်းပိုက်ထားတဲ့မြို့တွေမှာ မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကို လိုက်လံရှင်းနေပြီလို့ ပြောပါတယ်။

RFA ကပြုစုထားတဲ့ စာရင်းတွေအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီနှစ်လအတွင်း မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် ကလေးငယ်တွေ အပါအဝင် ခုနစ်ဦးသေဆုံးခဲ့ပြီး ၂၈ ဦး ကိုယ် လက်အင်္ဂါတွေ ထိခိုက်ခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org