ဖားကန့်မှာ မြေစာပုံ ပြိုကျပြီး ရေမဆေးသမားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဖားကန့်မြို့၊ ဆန်ခါရွာရှိ လုပ်ကွက်ဟောင်းတစ်ခုမှာ အောက်တိုဘာ ၁၈ ရက် ညက မြေစာပုံပြိုကျတာကြောင့် ရေမဆေးသမား တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မနရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် မြေပြိုကျပြီး ပျောက်ဆုံးနေသူများအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က ရှာဖွေခဲ့စဉ်။ Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု ဆန်ခါရွာက လုပ်ကွက်ဟောင်းတစ်ခု မှာ အောက်တိုဘာလ ၁၈ ရက်၊ ည ၉ နာရီဝန်းကျင်လောက်က မြေစာပုံ ပြိုကျတာကြောင့် ရေမဆေးသမားတစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု မြေစာပုံပြိုကျတဲ့နေရာဟာ တောက်ပကြယ် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီရဲ့ လုပ်ကွက်ဟောင်းဖြစ်ပြီး မြေစာပုံပေါ်မှာ ရေမဆေးသမားတွေ ရေမဆေးကျောက် ရှာဖွေကြရာကနေ ပြိုကျပြီး သေဆုံးထိခိုက်ခဲ့တာလို့ လူမှုကူညီရေးဆောင်ရွက်နေသူ တစ်ဦးက RFA ကိုပြောပါတယ်။

"မြေစာပုံက ပွနေတော့ အဲဒီမှာ ပြိုကျတာပါပဲ။ ပြိုကျတဲ့ချိန် မြေစာပုံအောက်မှာ ကျောက်ရှာနေတဲ့ ရေမဆေးသမား သုံးဦးမှာ လာထိတယ်။ တစ်ဦးကတော့ သေတယ်၊ နှစ်ဦးက နည်းနည်းဒဏ်ရာ ရသွားတယ်"

သေဆုံးသူဟာ အသက် ၁၈ နှစ်အရွယ် ကိုအောင်ကျော်သန်းဖြစ်ပြီး ကျန်နှစ်ဦးကတော့ ဒဏ်ရာ အနည်းငယ်ပဲရတာကြောင့် မစိုးရိမ်ရဘူးလို့လည်း သူက ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ဖားကန့်မှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း မြေပြိုမှု ဆယ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ခြောက်ရာနီးပါး ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org