နမ့်ဆန်နဲ့ လားရှိုးမြို့ ဗုံးကြဲခံရပြီး ငါးဦး သေဆုံး လေးဦး ဒဏ်ရာရ

လားရှိုးမြို့နဲ့ နမ့်ဆန်မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး တစ်ဦး အပါအဝင် ငါးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရသည့် လားရှိုးမြို့မှ နေအိမ်တချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နဲ့ နမ့်ဆန်မြို့တွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၂ ရက် ဒီနေ့မနက် အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး တစ်ဦး အပါအဝင် ငါးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ဆန်မြို့နယ် ဟိုမိန်းရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့လို့ သေဆုံးထိခိုက်မှုတွေရှိခဲ့တာလို့ နမ့်ဆန်ဒေသခံ တစ်ဦးက ပြောပါတယ်။

“သေသွားတဲ့ အထဲမှာ အမျိုးသမီး တစ်ဦးပါတယ်။ ကျန်တာတော့ အသေးစိတ် မသိရသေးဘူး။ ဖုန်းလိုင်း အင်တာနက်လိုင်း မရတော့ အဲဘက်ကို သွားကြည့်နေကြတုန်း”

ဒီနေ့မနက်မှာပဲ လားရှိုးမြို့ ရပ်ကွက် (၁၂) မန်ဆူဘုရားအနီးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တစ်လုံးပျက်စီးပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ လားရှိုးဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

လားရှိုးမြို့ကို ကိုးကန့်တပ်မတော် (MNDAA) က သိမ်းပိုက်ထားတာဖြစ်ပြီး နမ့်ဆန်မြို့ကိုတော့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ မနေ့ကလည်း နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးရွာနဲ့ နောင်ချိုမြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တစ်ဦးထိခိုက်ပြီး နေအိမ် အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ TNLA က ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား လေးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org